ကချင်ပြည်နယ် အတွင်း ကျောက်မျက် ရတနာ ထုတ်လုပ် ရောင်းဝယ်မှုနှင့် ပတ်သက်၍ ပြည်နယ်အဆင့် ပထမ အဆင့် ဥပဒေမူကြမ်းကို အတည်ပြုလိုက်သည့်အတွက် မြစ်ကြီးနား ကျောက်မျက်ရတနာ ကုန်သွယ်ရေး အသင်း (MGTA) အနေဖြင့် ရလဒ်များအပေါ် ကျေနပ်အားရမိကြောင်း ဆိုသည်။
“ကျနော်တို့ အနေနဲ့ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြပြီး ဆွေးနွေးနိုင်၊ စကားအချေအတင် ပြောနိုင်ခဲ့ကြတဲ့အတွက်အောင်မြင်မှုတွေ အများကြီး ရရှိနေတာပါ” ဟု အရာရှိတဦးက ဆိုသည်။
“ကျနော်တို့ အားလုံး အတူတကွ အားတက်သရော အလုပ်လုပ်ခဲ့ကြတဲ့ အတွက် ပထမ ဥပဒေမူကြမ်းဟာ စင်းလုံးချောဖြစ်သွားပါတယ်” ဟု သူက ဆိုသည်။
နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ၂၀၁၂ မတ်လ ၉ ရက်နေ့တွင် ကျောက်မျက်ပြပွဲ ကျင်းပနေသည်ကို တွေ့ရစဉ်
ကချင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ နှင့် မြစ်ကြီးနားတက္ကသိုလ်မှ ဥပဒေ ပါမောက္ခဖြစ်သူ ဒေါက်တာ ဒေါ်ရင်ရင်ဝင်း၊ ဥပဒေဌာန ကိုယ်စားလှယ်များ၊ ရှေ့နေချုပ်ရုံး၊ ကချင်ပြည်နယ် သတ္ထုတွင်း ဝန်ကြီးနှင့် မြစ်ကြီးနား ကျောက်မျက်ရတနာ ကုန်သွယ်ရေးအသင်းမှ ကိုယ်စားလှယ်များက ဇွန်နှင့် ဇူလိုင်လများတွင် ဥပဒေမူကြမ်း ပေါ်ပေါ်လာရေးအတွက်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ဥပဒေမူကြမ်း၏ သတ်မှတ်ချက်အရ ကချင်ပြည်နယ်အတွင်းရှိ ကျောက်မျက်ရတနာ လုပ်ငန်းအားလုံးသည် အသေးစိတ် မှတ်တမ်းတင်ရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် အခွန်များ ပေးဆောင်ရမည်ဖြစ်ကာ အကြောင်းမကြားဘဲ ပြုလုပ်သည့် အလုပ်မှန်သမျှအား ဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်မည် ဖြစ်ပြီး ထို ဥပဒေ ချိုးဖောက်မှုအတွက် တရားစွဲခြင်းလည်း ခံရမည် ဖြစ်သည်။
ဥပဒေမူကြမ်း အသစ်သည် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ၏ ကျောက်မျက်ရတနာ အခန်းကဏ္ဍအား အခြေခံထားပြီးပြောင်းလွယ်ပြင်လွယ်ဖြစ်ရန် စီမံထားသည်ဟု အရာရှိများက ဆိုကြသည်။
ထိုဥပဒေမူကြမ်းကို ဥပဒေအဖြစ် အတည်ပြုရန်အတွက် ပထမဦးစွာ ပြည်နယ်အဆင့် အစိုးရအဖွဲ့ထံသို့ တင်သွင်းရမည်ဖြစ်ပြီး ထို့နောက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်သွင်းရမည် ဖြစ်သည်
ကချင်ပြည်နယ်အတွင်း၌ပင် ကျောက်မျက်ရတနာဖြတ်တောက်ခြင်း၊ သွေးခြင်း ပြုလုပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို ပြည်နယ် လွှတ်တော်အစည်းအဝေးမှ သဘောတူ ချမှတ်လိုက်ကြောင်း ဖော်ပြခဲ့သည်။ ထိုဥပဒေ အသက်ဝင်လာသည့် အချိန်တွင် ကချင်ပြည်နယ် အတွင်းတွင် အလုပ်အကိုင်သစ် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာလိမ့်မည်ဟု လွှတ်တော် အမတ်များက ဆိုခဲ့ကြသည်။
၂ဝဝ၈ ခုနှစ်၊ အခြေခံ ဥပဒေအရ ပြည်နယ်များ အနေဖြင့် စွမ်းအင်၊ လျှပ်စစ်၊ သတ္ထု တူးဖော်ရေးနှင့် သစ်တော ကဏ္ဍများရှိ သတ်မှတ်ထားသော ဧရိယာများနှင့် ပတ်သက်၍ ဥပဒေပြုနိုင်သည့် လုပ်ပိုင်ခွင့်ကို ရရှိထားကြသည်။
ယခုလက်ရှိ အချိန်တွင်မူ ကျောက်စိမ်းများကို ကချင်ပြည်နယ်မှ တူးဖော်ရရှိသော်လည်း ထိုကျောက်စိမ်းရိုင်းများတန်ဖိုးတက်လာရေးအတွက် ဖြတ်တောက်ရန်နှင့် ကျောက်စိမ်း သွေးရန်အတွက် နေပြည်တော်သို့ ပို့ကြရသည်။
ထိုဥပဒေမူကြမ်းသည်ကချင်ပြည်နယ်ရှိ ကျောက်စိမ်းကုန်သည်များကိုသာမက ပြည်နယ်နေ ပြည်သူများကိုပါ အကျိုးရှိစေလိမ့်မည်ဟု ကျောက်မျက် လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)၏ ဒုတိယ ဥက္ကဋ္ဌ ဦးလအောင် က ဆိုသည်။
“ဒေသခံတွေရဲ့ စားဝတ်နေရေး ပိုအဆင်ပြေလာမယ်။ ဒီကျောက်စိမ်း ဈေးကွက်ဟာ ပိုမိုများပြားတဲ့ ဒေသခံတွေကို အခွင့်အရေးတွေ ဖန်တီးပေးပါလိမ့်မယ်” ဟု ပြောသည်။
တရုတ်နိုင်ငံမှ ပိုမိုများပြားလာသည့် ဝယ်လိုအားနှင့် မြင့်မား လာသည့် ဈေးနှုန်းများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ပယင်း ဈေးကွက်တွင် ဈေးနှုန်းများ တရှိန်ထိုး မြင့်တက် လာကြောင်း ဖော်ပြခဲ့သည်။ သို့ရာတွင် ပယင်းဈေးများမည်မျှပင်တက်စေကာမူ ကျောက်စိမ်းနှင့် နှိုင်းယှဉ်ပါက ကျောက်စိမ်းထက် ဈေးနှုန်းချိုသာဆဲပင် ဖြစ်သည်။
ကချင်ပြည်နယ်တွင် ကျောက်စိမ်းနှင့် ပယင်း အပါအဝင် ကျောက်မျက်ရတနာ များစွာ ထုတ်လုပ်လျက် ရှိသည်။
“ဝယ်ယူသူ အများစုက တရုတ်ပြည်ကပါ” ဟု မြစ်ကြီးနားရှိ ပယင်းကုန်သည် တဦးက ပြောသည်။ အခြား ဝယ်ယူသူများမှာ ထိုင်းနိုင်ငံနှင့် တိဘက် ဒေသတို့မှ ဖြစ်ကြသည်။
တနိုင်းမြို့နယ်သည် ကချင်ပြည်နယ်၏ အဓိက ပယင်း ထုတ်လုပ်ရာ ဒေသဖြစ်သည်။ ပယင်းအား လက်ဝတ်ရတနာ ပစ္စည်းအဖြစ် သာမက ပန်းပုတွင်လည်း အသုံးပြုကြသည်။ ပယင်းကို အဆောင်ပစ္စည်းအဖြစ်ဖြင့်လည်း ဝတ်ဆင်ကြသေးသည်။ အရောင်များမှာ လိမ္မော်ရောင်အကြည်၊ အဝါရောင်အကြည်၊ ကြက်သွေးရောင်၊ ဖန်သားရောင်နှင့်ရွှေရောင်တို့ ဖြစ်ကြသည်။ ရွှေရောင် ပယင်းမှာ ဈေးအကြီးဆုံး ဖြစ်သည်။
တရုတ်လူမျိုးများက ပယင်းကို ဆောင်ထားပါက သွေးလည်ပတ်မှုကို အားကောင်းစေသည်ဟု ယုံကြည်ကြပြီး ကံမကောင်းမှုများကို ရှောင်လွှဲနိုင်ရန် အတွက်လည်း အဆောင်အနေဖြင့် ဝတ်ဆင်လေ့ရှိကြသည်ဟု ပယင်းဝတ်ဆင်သူ အမျိုးသမီးကြီး တဦးက ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ အဓိက ပယင်း တူးဖော်သူများမှာ လီဆူးလူမျိုးများ ဖြစ်ကြသည်။ တနိုင်းနှင့် ဆွမ်ပရာဘွမ် တို့အပြင် စစ်ကိုင်းတိုင်းရှိ ခန္တီးမြို့နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ အချို့မြို့နယ်များတွင်လည်း ပယင်း ထွက်ရှိသည်။


0 comments:
Post a Comment