တရုတ်နိုင်ငံ၊ နောင်တောင်း ခရိုင်၊ ရွှေလီမြို့နယ်အတွင်း ခိုလှုံနေသော ကချင် စစ်ပြေးဒုက္ခသည် ၄,ဝဝဝ ကျော်အား တလအတွင်း ပြောင်းရွှေ့ပေးရန် တရုတ်အစိုးရက ပြောဆိုခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။
ဇူလိုင်လ ၂ဝ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ယူနန်ပြည်နယ် ရွှေ့လီမြို့နယ် အာဏာပိုင်များက KIO တပ်မဟာ ၃ မှ အရာရှိများကို ခေါ်ယူ၍ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး တလအတွင်း ပြောင်းရွှေ့ပေးမည်ဟု ပြန်လည် ပြောဆိုခဲ့၍ သြဂုတ်လ အတွင်း အပြီး ပြောင်းရွှေ့ရမည် ဖြစ်သည်။
“ဒုက္ခသည်တွေကို တလအတွင်း ပြောင်းရွှေ့ပးဖို့ တရုတ်က ပြောလာတယ်။ ကျနော်တို့လည်း စိုးရိမ်နေရတယ်။ မိုးတွင်းမှာ သိပ်အခက်အခဲ ရှိနေတဲ့အချိန် ပြောင်းရွှေ့ရမယ်ဆိုတော့ စိတ်မကောင်းဘူး။ ရွှေလီ တရုတ် အစိုးရက ကျနော်တို့ လူကြီးတွေကို ခေါ်ပြီး ပြောတာ နှစ်ကြိမ်ရှိပြီ။ ဒီတခေါက် ပြန်တွေ့တော့ တလအတွင်း ပြောင်းရွှေ့မယ်လို့
ပြောခဲ့တယ်” ဟု မဇ္စျိမကို ပြောသည်။
တရုတ်အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မျှ မပေးသော်လည်း ၎င်းတို့ နယ်မြေတွင် ဒုက္ခသည်များ ခိုလှုံနေမှု မလိုလားခြင်းဖြစ်မည်ဟု ယူဆပြီး ဒုက္ခသည်များလည်း နေရပ်ပြန်ရမည်ကို စိုးရိမ် ပူပန်နေကြသည်ဟု သူက ဆိုသည်။
နောင်တောင်းခရိုင်အတွင်း ဒုက္ခသည်စခန်း ၆ ခုရှိပြီး ဦးရေ စုစုပေါင်း ၄,ဝဝဝ ကျော် ခိုလှုံနေသည်ဟု ဦးဒွဲပီဆား က ဆိုသည်။ အများစုမှာ ဗန်မော်ခရိုင်၊ မန်စီမြို့နယ်၊ မန်ဝင်းကြီးမှ လာရောက်ခိုလှုံနေခြင်း ဖြစ်သည်ဟု သိရသည်။
KIA တပ်မဟာ (၃) နယ်မြေ လနာ့ဇွပ် (Lana Zup) သို့ ပြောင်းရွှေ့မည်ဟု စီစဉ်ထားသော်လည်း ဒုက္ခသည်များကမူ ၎င်းတို့၏ ကျေးရွာနှင့် အလှမ်းဝေးသွားသဖြင့် လက်ရှိနေရာ ခိုလှုံခွင့်မရှိပါက ယခင် မူရင်း မန်ဝင်းကြီးဘက် ပြောင်းရွှေ့ မည်ဟု ပြောဆိုနေကြသည်။
ပြောင်းရွှေ့ရမည်ဟု သတင်းကို KIO ဘက်မှ တရားဝင်ပြောဆိုလာခြင်း မရှိသေးသော်လည်း ပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်နေသဖြင့် ဒုက္ခသည်များက စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဒုက္ခသည်စခန်းတွင် မူလတန်းကျောင်း ဖွင့်လှစ်ထားသဖြင့် ကလေးများ၏ ပညာရေး ထိခိုက်မည် စိုးရိမ်ကြောင်း
နောင်တောင်း ဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံ ဆရာခွန်းထွန်း က ပြောသည်။ စခန်းအတွင်း
ကျောင်းသားပေါင်း ၈၆၈ ဦးရှိသည်ဟု ဆိုသည်။
“ကျောင်းဖွင့်တဲ့ အချိန်ဖြစ်တယ်။ မနှစ်တုန်းကလည်း ကျောင်းသားတွေ ပညာရေး ကောင်းကောင်း မသင်ရဘူး။ ဒီနှစ် ပြန်ပြောင်းမယ်ဆိုရင် ကလေးတွေရဲ့ ပညာရေး နစ်နာဆုံးရှုံးမှာ စိုးရိမ်တယ်။ နံပတ်နှစ်က မိုးတွင်း ဖြစ်လို့၊ သုံးက ဒီမှာရှိတဲ့ ဒုက္ခသည်တချို့က ဒီစခန်းကနေ ကိုယ့်အိမ်မှာ သွားပြီး သူတို့ရဲ့တိရိစ္ဆာန်တွေကို မကြာခဏ သွားကြည့်လို့ ရတယ်။ ခု အဲဒီနေရာကို ပြောင်းလိုက်မယ်ဆိုရင် ဒီထက် ပိုဝေးသွားမယ်။ သွားရေးလာရေးလည်း ပိုခက်ခဲလာမယ်” ဟု မဇ္စျိမကို ပြောသည်။

0 comments:
Post a Comment