WUNPAWNG PHOTOS

နောက်ဆုံးရ သတင်းများ

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူခဲ့သူ ဒုတရားသူကြီးအား စစ်ဆေးရန် တင်ပြချက် ပယ်ချခံရ


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟု စွတ်စွဲ၍ မြစ်ကြီးနားထောင်တွင် ဖမ်းဆီးခံနေရသူ ဦးလထော်
ဘရန်ရှောင်ထံမှ ဖြောင့်ချက် ရယူခဲ့သူ မြို့နယ် တရားသူကြီး ဦးဇော်မင်း အား စစ်မေးခွင့်ပြုရန် လျှောက်ထားချက်ကို ပယ်ချလိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ဦးဇော်မင်းအား စစ်ဆေးခွင့်ပြုရန် တရားခံ ရှေ့နေ ဦးမာခါးက ယခင်ရက်သတ္တပတ်က တင်ပြခဲ့သည်ကို အင်္ဂါနေ့ မြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီး ဦးမြင့်ထူး က ပယ်ချလိုက်ခြင်း ဖြစ်သည်။

“ဦးဇော်မင်းကို စစ်ဆေးဖို့ ခေါ်ထားတာ။ မြို့နယ်တရားသူကြီးက မလိုအပ်ဘူးဆိုပြီး ပယ်လိုက်တယ်။ မစစ်ဆေးခိုင်း
စေချင်လို့ နေမှာ ကျနော်တို့က အဲဒါကို ပြန်စစ်ချင်တယ်။

အမှန်တရား ပေါ်လာမှာ ကြောင့်လို့ပဲ။ တရားခံတွေဘက်က အရမ်းနစ်နာတယ်။ ကျနော်တို့အတွက် အရေးကြီးတဲ့ သက်သေပဲ” ဟု ဦးဂျီမာခါး က မဇ္စျိမကို ပြောသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ဒု မြို့နယ်တရားသူကြီး ဦးဇော်မင်းက ဖြောင့်ချက်ယူနေစဉ် ဦးဘရန်ရှောင်၏ မျက်နှာတွင် ဒဏ်ရာများ ရနေခြင်းနှင့် ဗိုက်တွင် အသံဖမ်းစက် ကပ်ပေးထားမှုကို စစ်ဆေးတွေ့ရှိသဖြင့် တရားသူကြီး ဦးမြင့်ထူးက ထိုနေ့မှာပင် ရုပ်သိမ်းလိုက်သည်။

လာမည့် မတ်လ ၁၈ ရက်နေ့တွင် လျှောက်လဲချက်ပေးရန် တရားသူကြီး ဦးမြင့်ထူးက ပြောဆိုလာသော်လည်း
 လျှောက်လဲချက် မပေးဘဲ တရားသူကြီး ဦးဇော်မင်းအား စစ်ဆေးခွင့်ပြုရန်သာ ပြည်နယ်တရားလွှတ်တော်သို့ ထပ်မံ တင်ပြသွားမည် ဖြစ်ကြောင်း ဦးဂျီမာခါး က ဆိုသည်။ ဦးဘရန်ရှောင်မှာ ကျန်းမာရေး ကောင်းမွန်နေသည်ဟုလည်း
 ပြောသည်။

ဦးဘရန်ရှောင်အား ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့က ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ၃ ဖြင့် အမှတ်(၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်နှင့်အဖွဲ့က ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနား စရဖ ထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် ပြန်လည် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဦးဘရန်ရှောင်သည် KIO ဝန်ထမ်းဖြစ်သည်ဟု တရားခံဘက်မှ ထွက်ဆိုချက်များမှာ စစ်ကြောရေးအတွင်း ညှဉ်းပန်း
နှိပ်စက်မှုဖြင့်သာ ရရှိလာသည့် ထွက်ဆိုချက်များ ဖြစ်၍ ခိုင်လုံသည့် အခြားအထောက်အထား မရှိကြောင်း ရှေ့နေ
ဦးဂျီမာခါးက ပြောဆိုထားသည်။ 

အစိုးရတပ်နှင့် KIO တပ်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ချိန်မှစ၍ မြစ်ကြီးနားမြို့နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံများ အနည်းဆုံး လူ ၇၀ ကျော်မှာ မတရားသင်းဥပဒေဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရကြောင်း သိရသည်။
Continue Reading | comments

ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူများအား ကြိုဆိုရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည် ဟု ကော်မတီခေါင်းဆောင်တဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

၎င်းကော်မတီအဖွဲ့ကို KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး တာဝန်ခံ ဦးဒွဲပီဆားနှင့် ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ နှစ်ဦးအား ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း
ဖြစ်သည်။

“အစည်းအဝေးက သူတို့ ရောက်ခဲ့တယ်ဆိုရင် အဆင်သင့် လုပ်ထားတဲ့ သဘောပါ။ ကော်မတီ ဖွဲ့ထားတယ်။ သူတို့
ရောက်လာရင် ကြိုဆိုမယ်။ လက်ခံစကားပြောမယ်။ တည်းခိုမဲ့နေရာ ပြမယ်။ တခြားတော့ သူတို့ ဖြစ်ချင်တာတွေ ဆက်လုပ်သွားမယ်။ အလုပ်ခွဲဝေထားတာပါဘဲ”ဟု ဦးဒွဲပီဆားက ပြောသည်။

KIO အနေဖြင့် အိမ်ရှင်အနေဖြင့် ဧည့်သည်အား ကြိုဆိုရန် တာဝန်ရှိသဖြင့် လက်ခံ ကြိုဆိုမည် ဖြစ်ကြောင်း သူက  ပြောသည်။

 “ကျနော်တို့ကတော့ လမ်းလျှောက်လာပြီဆိုတော့ ရောက်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ မြန်မာအစိုးရစစ်တပ်က လမ်းတွေ ပိတ်ထား၊ မိုင်းတွေ ထောင်ထားတယ်ဆိုတော့ သူတို့ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ့ သူတို့ ရောက်ရင် လိုအပ်တဲ့ အစားအသောက်တွေ အဆင်သင့် ပြင်ဆင်ထားတယ်”ဟု သူက ပြောသည်။

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ရောက်ရှိနေသော မန္တလေးနှင့် မြင်းခြံတို့မှ လမ်းလျှောက်လာသူ လူငယ်အဖွဲ့သည် မနက်ဖြန် ညနေပိုင်းတွင် လိုင်ဇာမြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း လမ်းလျှောက်သူများမှ
ခေါင်းဆောင်ဖြစ်သူ ကိုသန့်ဇင်က ပြောသည်။

ယမန်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်အား ခေါ်ယူ၍ လိုင်ဇာလမ်းတလျှောက် လုံခြုံရေးအခြေအနေများကို ရှင်းပြပြောဆိုခဲ့သည်ဟု ကိုသန့်ဇင်က
ပြောသည်။

“ဗျူဟာမှူးက လမ်းအခြေအနေ ရှင်းပြခိုင်းလို့ပါ ဆိုပြီးတော့ ကျနော်ကိုခေါ်တွေ့တယ်။ လမ်းမိုင်း အနေအထားတွေနဲ့ လုံခြုံမှု အားနည်းတယ်ဆိုတဲ့အကြောင်းတွေ ရှင်းပြတယ်။ ကျနော်တို့ တားတာ မဟုတ်ပါဘူး။ လမ်းက နယ်မြေ အနေအထားအရ လုံခြုံမှု အားနည်းတယ်။ သူ့ဘက် ကိုယ့်ဘက် ထောင်ထားတဲ့ မိုင်းတွေ ရှိတယ်။ အဲဒါလေးတွေ ရှင်းပြတာပါ။ မသွားပါနဲ့လို့လည်း မတားဘူးလို့ ပြောတယ်”ဟု ကိုသန့်ဇင်က ပြောသည်။

ငြိမ်းချမ်းရေး ရလိုကြောင်း ပြသလိုခြင်း ဖြစ်၍  မိုင်းရှိသော်လည်း မနက်ဖြန်တွင် လိုင်ဇာမြို့သို့ ထွက်ခွာမည်
ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။ ထိုအဖွဲ့တွင် သံဃာ ၉ ပါးနှင့် လူ ပေါင်း ၄၅ ဦးရှိ လိုက်ပါလာသည်ဟု သိရသည်။

၎င်းတို့အဖွဲ့သည် KIO တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိမိတို့ လိုလားသော ငြိမ်းချမ်းရေးသဘောထားကို ရှင်းပြပြီး KIO ၏ သဘောထားများကို နားထောင်သွားမည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။

ထို့ပြင် လိုင်ဇာမြို့သို့ ရောက်ရှိပါက စစ်ပြေးဒုက္ခသည်စခန်း တာဝန်ရှိသူနှင့် တွေ့ဆုံ၍ စစ်ပြေး ဒုက္ခသည်များ အတွက် လမ်းတလျှောက် ပြည်သူများ လှူဒါန်းခဲ့သော် အလှူငွေ ၁၄၈ သိန်းကျော်အား ပေးအပ်လှူဒါန်းသွား မည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။

ယင်းအဖွဲ့သည် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ ကက်သလစ်ဘုရားကျောင်းတွင် တည်းခိုနေပြီး ယင်းဒေသရှိ ပြည်သူ များသည်လည်း စစ်ပြေးဒုက္ခစခန်းတွင် မနေရသော်လည်း စစ်ပြေးဒဏ်ကို ခံစားနေရသည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။

လတ်တလော ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ဆေးရုံတွင် တာဝန်ကျ ဆရာဝန် မရှိခြင်းကြောင့် လူနာများ မရှိသဖြင့်  အစိုးရ စစ်တပ်ဖွဲ့များက ဆေးရုံဝင်းအတွင်း အခြေချ နေထိုင်နေသည်ဟု ဒေသခံများထံမှ သိရသည်ဟု ဆိုသည်။

ထို့ပြင် ယမန်နှစ် အောင်တိုဘာလမှ စတင်၍ ဒေါ့ဖုန်းယန်မြို့ အထက်တန်းကျောင်းတွင် တောင်ကျချောင်းတခုမှ သွယ်တန်းယူထားသော ပိုက်လိုင်းတွင် ရေမလာတော့သဖြင့် သောက်သုံးရေ ပြတ်လတ်မှုများ ကြုံတွေ့နေရသည်
မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ ပြန်လည် ပြင်ဆင်မည်ဟုဆိုသော်လည်း မိုင်းကွင်းများ ရှိသည်ဟုဆိုသဖြင့်
ရေပိုက်လိုင်း ပြင်ဆင်ရန် မဖြစ်နိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူ လူ ၁၀၀ ကျော်ပါ အဖွဲ့က ယနေ့ သောကြာနေ့တွင် မရန်းကျေးရွာတွင် ရောက်ရှိနေပြီ ဖြစ်ပြီး မနက်ဖြန် စနေနေ့တွင် ရှဒေါင်ကျေးရွာတွင် ရပ်နားမည် ဖြစ်သလို၊ တနင်္ဂနွေနေ့တွင် ပမ္မတီးကျေးရွာတွင် ရောက်ရှိကြမည် ဖြစ်ကြောင်း လမ်းလျှောက်အဖွဲ့မှ ကိုဝင်းချိုက ပြောသည်။

လာမည့် မတ်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ထိုမှ နှစ်ဖက် အာဏာပိုင် အဖွဲ့အစည်း များနှင့် ညှိနှိုင်းမှုများ လိုင်ဇာမြို့သို့ ဆက်လက် ဆက်သွားမည် ဖြစ်ကြောင်း သူက  ပြောသည်။
Continue Reading | comments

ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့

 ကမ္ဘာ့ကုလသမဂ္ဂ က ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပထမဆုံး
အကြိမ် စားနပ်ရိက္ခာများ စတင်ပို့ဆောင်မည်ဟု သိရသော်လည်း ဗုဒ္ဓဟူးနေ့က သွားရောက်နိုင်ခြင်း မရှိခဲ့ခြင်းမှာ
နိုင်ငံခြားသား နှစ်ဦး ပါဝင်နေခြင်းကြောင့် အာဏာပိုင်များ ဆိုင်းငံ့ထားသည်ဟု သိရကြောင်း ကချင်လွတ်လပ်ရေး
အဖွဲ့ KIO က ဆိုသည်။

ကုလမှ စားနပ်ရိက္ခာ သယ်ဆောင်လာသော ဆယ်ဘီးကား ၇ စီးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင်
မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ရောက်ရှိလာမည်ဟု ဆိုသဖြင့် KIA တပ်ဖွဲ့များအား လုံခြုံရေး တာဝန်ယူရန် ညွန်ကြားထားသည်ဟု KIA တပ်ရင်းမှူး ဒု-ဗိုလ်မှူးဇော်ဒွဲက ပြောသည်။

“ဒီနေ့ မနက် ၈ နာရီကျော်လောက်ကနေ ထွက်လာမယ်။ ကား ၇ စီး ရောက်လာမယ်လို့ သိရတယ်။ ကျနော်တို့က တက်လာပြီဆိုပြီး နားလည်ထားတာ။ ကျနော်တို့လည်း ဝမ်းသာတယ်။ ကျနော်တို့ လုံခြုံရေး ယူပေးမယ်ဆိုပြီး
ရှေ့တန်းတပ်ဖွဲ့တွေကို ညွန်ကြားထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားသား နှစ်ဦး သွားရောက်ခွင့် ရှိမရှိကို နေပြည်တော် ဗဟိုအစိုးရထံ တင်ပြထားသည်ဟု သိရကြောင်းလည်း သူက ဆိုသည်။

“နိုင်ငံခြားသား နှစ်ဦးပါလို့ နေပြည်တော်ကို မေးထားတယ်။ သူတို့ကို မသွားခိုင်းဘူး။ မနက်ဖြန်မှ သေချာမယ်ထင်
တယ်။ နဂိုက နိုင်ငံခြားသား ပါမယ်ဆိုတာ မသိလို့ထင်တယ်။ ဒီနေ့တော့ မလာနိုင်ဘူးလို့ ပြောတယ်” ဟု ဆက်ပြော
သည်။

မြန်မာအစိုးရတပ်နှင့် KIO တို့အကြား တိုက်ပွဲ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ကုလ အကူအညီအား ပထမဆုံး
အကြိမ်အဖြစ် ရရှိမည်ဖစ်၍ ကြိုဆိုကြောင်း သူက ဆက်ပြောသည်။

သို့သော် မြစ်ကြီးနားမြို့ရှိ ကုလသမဂ္ဂ အဖွဲ့မှ ဒေါက်တာစည်သူကမူ “ကျနော်တို့ ဒီနေ့တော့ မထွက်လာသေးပါဘူး။ ကျနော်တို့ဘက်က လုပ်စရာလေးတွေ ရှိနေသေးလို့ပါ ”ဟု မဇ္စျိမကို ပြောသည်။ မည်သည့် အကြောင်းအရင်း
ကြောင့် အသွားရောက်နိုင်သည်ကိုမူ ပြောဆိုခြင်း မရှိပေ။

ဖားကန့်မြို့သို့ စစ်ပြေးဒုက္ခသည်များအား သွားရောက် လှူဒါန်းမည်ဟု သိရသော်လည်း ခွင့်ပြုချက်မရသေးသဖြင့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်နိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုခဲ့သည်ဟု ဖားကန့်
နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာဘောင် တူးဂျာ က “ခွင့်မပြုလို့ မနက်ဖြန်၊ သဖက်ခါ သူတို့ ကြိုးစား
ကြည့်မယ်လို့ ပြောတယ်” ဟု ပြောသည်။ မည်သူက ခွင့်မပြုကြောင်းကိုမူ မသိရဟု ဆိုသည်။

ဖားကန့်မြို့ပေါ် ငှက်ပျော်တော၊ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီဆာ စသည့် ရပ်ကွက်များရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အတွင်းရှိ စစ်ပြေးဒုက္ခသည် စခန်း ၃၆ ခုတွင် ဒုက္ခသည် ၇,၀၀၀ ကျော်ရှိနေသည်ဟု သိက္ခတော်ရ ဆရာဘောင်တူးဂျာက ပြောသည်။

အစိုးရ စစ်ကြောင်းများ လှုပ်ရှားနေသဖြင့် လုံခြုံရေး စိတ်မချရ၍ စစ်ပြေး ဒုက္ခသည်များက မိမိနေရပ်သို့ မပြန်ရဲဘဲ
ဖြစ်နေကြသည်ဟု ဆိုသည်။

ငှက်ပျော်တော ကက်သလစ်ဘုရားကျောင်းတွင် ဒုက္ခသည်ပေါင်း ၁,၇၀၀ ကျော် ခိုလှုံနေပြီး အများအားဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားနေချိန်အတွင်း ကုလသမဂ္ဂမှ ကူညီမည်ဟုသိရသဖြင့် ကြိုဆိုကြောင်း ဒုက္ခသည်များအား ကူညီပေးနေသော ဦးနော်ဂျာ က ပြောသည်။

“အကူအညီပေးတယ်ဆိုတော့ ကြိုဆိုရမှာပေါ့။ လူတွေက စိတ်ပိုင်းဆိုင်ရာ ဒုက္ခရောက်တဲ့လူ ပိုများလာတယ်။ စိတ်ဆင်းရဲ တာတွေ၊ သူတို့ ကိုယ်ကာယ စိတ်ဆင်းရဲ အစစအရာရာ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီတယ် ဆိုတာတော့ ကြိုဆိုရမှာပါ” ဟု မဇ္စျိမကို ပြောသည်။
Continue Reading | comments

“အစိုးရနှင့် ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးဝင်လုပ်မည်ဆိုက မိမိကိုယ်ကို အထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”




အစိုးရနှင့်ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးအတွက် ဝင်လုပ်မည် ဆိုက မိမိကိုယ်ကိုအထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

''ကျွန်မကိုဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ထဲမှာ မပါဝင်ဘူးလားဆိုပြီး မေးမြန်းကြ၊ ဝေဖန်ကြတာတွေရှိပါ တယ်။ ကျွန်မအမြဲပါဝင်ချင်ပါတယ်။ အချိန်မရွေးလိုလားတယ်ဆိုရင် ပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ဖော်ပြီးသားပါ။ ဘာလို့မပါလဲဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါဝင်နိုင်ဖို့ဆိုတာ ကာယကံရှင်တွေက လိုလားမှဖြစ်မှာပါ။ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်မကို ပါဝင်ဖို့ ကာယကံရှင်များ က လိုလားတယ်၊ ဖိတ်ဆိုတယ်ဆိုရင် ကျွန်မဘယ်တော့မှငြင်းမှာ မဟုတ်ပါဘူး''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ တော်ဝင်နှင်းဆီ၌ ကျင်းပသောပွဲ သို့ပေးပို့သော ဗွီဒီယိုသဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''မျှဝေခံစားမှုဆိုတာ ကျွန်မတို့နိုင်ငံမှာ တိုးတက်လာပြီလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတစ် နှစ်အတွင်းမှာ ကချင်ပြည်နယ် ရခိုင်ပြည် နယ်တွေမှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကချင်၊ ရခိုင်မှာမနေတဲ့ အဲဒီ့နယ်မြေနဲ့ ပတ်သက်မှုလည်း မရှိတဲ့ နိုင်ငံသူ နိုင်ငံသားများဟာ အာရုံစူးစိုက်ပြီး စိတ်ပူပြီး ကောင်းတဲ့ဘက်ကို သွားစေချင်တဲ့ စိတ်ဆန္ဒတွေ ပေါ်လာတယ်ဆိုတာ မြင်ရပါတယ်။ ပူပန်ရုံ စိုးရိမ်ရုံတင် မကဘူး ထိထိရောက် ရောက်ကူညီတဲ့ အဖွဲ့တွေလည်း ပေါ်လာတယ်။ ဥပမာ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖို့ တချို့အနုပညာရှင်တွေက လှုပ်ရှားတာ၊ ကြိုးပမ်းတာ၊ ဒီလိုကိစ္စတွေဟာ ကျွန်မတို့နိုင်ငံမှာ မျှ ဝေခံစားချင်တဲ့ စိတ်ဓာတ်တွေ တဖြည်းဖြည်း အားသာ လာတယ်လို့ ကျွန်မဒီလိုပဲ မြင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတွင် ထည့်သွင်းပြောသည်။

လက်ရှိ မျှဝေခံစားမှု အခြေ အနေသည်လုံလောက်သည့် အတိုင်း အတာထိ မရောက်ရှိသေးသော် လည်း မျှော်လင့်ချက်ရှိသည့် အတိုင်းအတာ ရှိသည် ဟု ဒေါ် အောင်ဆန်းစုကြည်က ဆက်လက် ပြောသည်။
ယင်းအပြင် လွှတ်တော်သို့ တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည် အား ဇန်နဝါရီလအတွင်းက ကချင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မေးမြန်းရာ ''လုပ်ပိုင်ခွင့် ဆိုတာထက် လေ့လာပြီးတော့ ပါဝင်ဖို့ ကိုယ့်မှာအကြောင်း ပါလာလို့ ရှိရင် ကော်မတီမှာ လုပ်ရမှာပေါ့။ ဒါပေမဲ့ အစိုးရရဲ့ဆွေးနွေး ပွဲတွေမှာ ပါဝင်ဖို့ဆိုတာကတော့ မဖိတ်ခေါ်ဘဲနဲ့ ဝင်ပါလို့မရဘူးပေါ့'' ဟု ပြန် လည်ဖြေကြားခဲ့သည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာသည် ဒီမိုကရေစီပြဿနာ ဖြစ်ပြီး မျိုးနွယ်စုများအကြား အမြစ်တွယ်နေသည့် ကျဉ်းမြောင်းသော လူမျိုးရေး ဝါဒနှင့်လူမျိုးကြီး ဝါဒခံ စားမှုများကို လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ စစ်မှန်သောကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များဖြင့်သာ ကုစားနိုင်မည်ဟု (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝ၁၃ ခုနှစ် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ် လွှာတွင် မြန်မာနိုင်ငံသည် လက်ရှိ အခြေအနေတွင် ဒီမိုကရေစီစနစ် ဆက်လက် ရှင်သန်ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန်မှာ အဓိက လိုအပ် ချက် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသား အားလုံးပါဝင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရန် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းရန် လိုအပ်သည် ဟု ခံယူထားကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန် ပေး ပို့သော သဝဏ်လွှာအရ သိရသည်။

ဝေမာထွန်း

Continue Reading | comments

နိုင်ငံခြား သတင်းထောက်များအတွက် ကာလရှည်ဗီဇာများ ထုတ်ပေးတော့မည်၊ သတင်းထောက်များ အနေဖြင့် ခရီးသွားဗီဇာ သို့မဟုတ် အမည်ဝှက်ဖြင့် ဝင်ရောက်လာရန် မလိုတော့



သတင်းစာ လွတ်လပ်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ပေးရန် ရည်ရွယ် ၍ စည်းမျဉ်းဥပဒေသစ်များ ပြဋ္ဌာန်းပြီးနောက် တွင် နိုင်ငံခြား သတင်းထောက်များကို ကာလတို၊ ကာလရှည် ဂျာနယ်လစ်ဗီဇာများဖြင့် တစ်နှစ်ကြာ အတိုင်း အတာ အထိ မြန်မာနိုင်ငံတွင် နေထိုင်အလုပ် လုပ်နိုင်ရန် ခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရှိရသည်။
စည်းမျဉ်း ဥပဒေသစ်များမှာ ပြည်တွင်း၊ ပြည်ပသတင်းထောက် များကို အစိုးရအရာရှိများနှင့် ထိ တွေ့ခွင့် ပိုမို ရရှိရန် ရည်ရွယ်ခြင်း ဖြစ်ပြီး လာမည့် ဧပြီလ လယ်လောက် တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး နှင့် သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဂါးဒီးယန်း သတင်းစာသို့ ပြောကြား ခဲ့သည်။

“အတိတ်ကာလ တုန်းကတော့ အစိုးရက ဂျာနယ်လစ်တွေရဲ့ လှုပ် ရှားမှုတွေကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ အနေနဲ့ ဂျာနယ်လစ် ဗီဇာတွေ ထုတ်ပေးခဲ့တာ။ အခုတော့ ဝန်ကြီးဌာနတွေဆီ ဂျာနယ်လစ်တွေ ရောက်နိုင်ဖို့ ကျွန်တော်တို့က ဗီဇာထုတ်ပေးမှာ။ တကယ်လို့ သူက အစိုးရ အရာရှိတစ်ဦးနဲ့ အင်တာဗျူး လုပ်ချင်တယ်။ ဒါပေမယ့် သူ့မှာ ဂျာနယ်လစ် ဗီဇာမရှိရင် သူတွေ့ခွင့် ရနိုင်မှာ မဟုတ်ဘူး” ဟု သူက ဆိုပါသည်။

ဤလုပ်ဆောင်ချက်က သတင်းထောက်များ အနေဖြင့် ခရီးသွားဗီဇာ သို့မဟုတ် အမည်ဝှက်ဖြင့် ဝင်ရောက် လာရန် မလိုတော့ဟု အဓိပ္ပာယ်ရပြီး မြန်မာနိုင်ငံ၏ စာပေဆင်ဆာ ဥပဒေများ အားလုံး မဟုတ်သည့်တိုင် အချို့ကို ဖျက်သိမ်း ကာ နိုင်ငံခြား သတင်းသမား အများစုကို အမည်မည်း စာရင်းမှ ဖယ်ရှားပေးခဲ့ရာမှ ဆက် လက်ပေါ်ပေါက် လာခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရအရာရှိများကို သတင်းစာနှင့် ဆက်ဆံတတ်အောင် ရည်ရွယ်၍ ယူနက်စကိုနှင့်ဒေသခံ မီဒီယာများ ကြီးကြပ်သည့် သင်တန်းများလည်း ပို့ချခဲ့ကြောင်း ဦးရဲထွဋ် က ပြောသည်။ “ဟိုတုန်းကတော့ ဂျာနယ်လစ် တော်တော် များများဟာ တိုးရစ်ဗီဇာနဲ့ မြန်မာနိုင်ငံကို ဝင်လာကြတယ်။ အစိုးရ အရာရှိတွေက သူတို့နဲ့ ပြောတဲ့ ဆိုတဲ့ နေရာမှာ အမှားပါသွားရင် သူတို့ အလုပ်ပြုတ်မှာ။ ဒီတော့ သူတို့က အထူးသတိ ထားရတယ်။  တစ်ခါတလေ ဆို နိုင်ငံခြား ဂျာနယ်လစ်တွေနဲ့ စကားပြောရမှာ ဝန်လေးကြတယ်” ဟု သူ က ရှင်းလင်း ပြောပြ သည်။

ယခုအခါ သမ္မတ ဦးသိန်းစိန် ၏ ညွှန်ကြားချက်ဖြင့် ဝန်ကြီးဌာနတိုင်းတွင် မီဒီယာမေးမြန်းမှုများကို ဖြေကြားရန် ကိုယ်ပိုင် ပြောရေးဆိုခွင့် ရှိသူများ ထားရှိသည်ဟု သိရသည်။ မီဒီယာစည်းမျဉ်း ဥပဒေသစ်များအရ ဂျာနယ်လစ် များသည် တရားဝင် အသိအမှတ်ပြုမှု ရရှိရန် CV ဖောင် နှင့် မိမိတို့ သတင်းဌာနမှ ထောက်ခံစာ လိုအပ်မည် ဖြစ်သည်။ ခွင့်ပြုချက် ရရှိပါက ထိုသတင်းထောက်များကို Free Press Card နှင့် မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ဆောင်မည့် အချိန် ကာလအတွက် ဗီဇာများထုတ်ပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ဝင်ထွက် သွားလာမည့် သတင်းသမား များကို ၃ လမှ ၆ လကြား ကြူအင-နညအမပ ဗီဇာများခွင့်ပြုမည် ဖြစ်ပြီး နိုင်ငံခြား သတင်းဌာန ဖွင့်လှစ်ရန် ရည်ရွယ်သူများကို ၁ နှစ်အထိ ဗီဇာ များ ထုတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက  ပြောကြားသည်။ စည်းမျဉ်း ဥပဒေသစ်များ ပြီးစီးလျှင် တိုး ရစ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်လာပြီး သတင်း ရေးသား ပေးပို့သူ သတင်း သမားများကို တရားမဝင် သတ်မှတ်မည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုပါသည်။ ပြည်တွင်း သတင်းသမား များကိုလည်း ဧပြီလပတ်ဝန်းကျင် တွင် လွတ်လပ်သော စာနယ်ဇင်းကောင်စီမှ စာနယ်ဇင်းကတ်များ ထုတ်ပေးသွားမည်ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။ အခွင့်အရေး လှုပ်ရှားသူ အဖွဲ့များကမူ ဤသတင်းကို သတိဖြင့် ကြိုဆိုလိုက်ပြီး ဗီဇာကို မည်သည့် အချက်များပေါ်တွင် မူတည် အကဲဖြတ်မည်၊ အစိုးရအပေါ် ဝေဖန် ခွင့်ပြုမည်၊ လွတ်လပ်စွာ သတင်း ရေးသားခွင့် ပြုမည်၊ မပြုမည်ကို မသိ ရသေးကြောင်း သတိပေး ပြောဆိုကြသည်။


Ref: kate Hodal;guardian.co.uk
Continue Reading | comments

ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းများ ကချင်ဒေသများသို့ ဝင်ရောက်ခွင့်ရပြီ


အစိုးရနှင့် လက်နက်ကိုင် ကချင်တပ်ဖွဲ့တို့ အကြား စစ်ပွဲအရှိန် မြင့် တက်လာခဲ့ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ကုလသမဂ္ဂကူညီ မှုအဖွဲ့အစည်းများကို ကချင်စစ်ဘေး သင့်ဒေသများသို့ သွားရောက် ခွင့်ပြုမည် ဖြစ်ကြောင်း၊ မြန်မာ အစိုးရ အရာရှိများက ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။
 
သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အဆိုပါ သတင်းကို အတည်ပြုပြောကြားပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ အဖွဲ့များတွင် လိုက်ပါမည့် သူများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် လုံခြုံရေးတာဝန်ခံမည့်သူများ ကိစ္စကိုမူ ဆွေးနွေး တိုင်ပင်ရဦးမည် ဖြစ်ကြောင်း၊ အီးမေးလ်ဖြင့် ပြန်လည် ဖြေကြားချက်တွင် ဦးရဲထွဋ်က ရေး သားဖော်ပြခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်ပြောရေး ဆိုခွင့်ရှိသူ ဦးအေးဝင်းက တိုက်ပွဲ အရှိန်မြင့်တက်လာခဲ့သော ဒီဇင်ဘာ လနောက်ပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် လူမှုရေး အထောက်အကူများ ပေးအပ်ခွင့် ရရှိခြင်းမှာ အဓိပ္ပာယ် လေးနက် လှကြောင်း ပြောကြားသွားခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများသည် ကချင်ပြည်နယ် ဒေသများအတွင်းသို့ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်းမှ စ၍ သွားရောက်ခွင့် မရရှိခဲ့ပေ။

ကချင်ပြည်နယ် ပဋိပက္ခသည် တင်းကျပ်သော စစ်အုပ်ချုပ်ရေး လက်အောက် ရာစုနှစ်ဝက်ခန့်ကြာ မြင့်ခဲ့ပြီးမှ လွတ်မြောက် လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည်ဖော် ဆောင်ရွက်နေဆဲ မြန်မာ နိုင်ငံ၏ တိုးတက် ဖြစ်ပေါ်မှု များ အပေါ် အရိပ်မည်းထိုးလျက် ရှိနေပေသည်။
Ref: Myanmar to allow UN Aid deliveries to Kachin State AP
Continue Reading | comments

AIR KBZ လေကြောင်းလိုင်းမှ ဝယ်ယူထားသော ATR 72-600 လေယာဉ်သစ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ

ရန်ကုန်  ဖေဖော်ဝါရီ  ၁၁
 
AIR KBZ လေကြောင်းလိုင်း မှ ဝယ်ယူ ထားသော ပြင်သစ် နိုင်ငံလုပ် ATR 72-600 အမျိုးအစား လေယာဉ်သစ် နှစ်စင်း အနက် ပထမ တစ်စင်းသည် ယနေ့ နေ့လယ်ပိုင်း တွင်  ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့သည်။ ထပ်မံ ဝယ်ယူ ထားသော ဒုတိယမြောက် ရောက်ရှိမည့် ATR 72-600 လေယာဉ် အသစ်မှာလည်း ၂ဝ၁၃ ခုနှစ်  ဇွန်လပိုင်းတွင်  ရန်ကုန်မြို့ သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရ သည်။
 
AIR KBZ အနေဖြင့် ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်း မှစ၍ ATR 72-500 လေယာဉ် အမျိုးအစား လေးစင်း၊ ATR 72-600 လေယာဉ် အမျိုးအစား နှစ်စင်း  စုစုပေါင်း လေယာဉ်သစ် ခြောက်စင်းဖြင့် လက်ရှိ ပြေးဆွဲနေသော ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊  ဟဲဟိုး၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကလေး၊ မြစ်ကြီးနား၊  သံတွဲ၊ စစ်တွေ၊    ထားဝယ်၊  မြိတ်၊ ကော့သောင်း  စသည့်မြို့ကြီးများ အပြင်ဆက်လက်၍ နေပြည်တော်၊ မုံရွာ၊ ဟုမ္မလင်း၊ ဗန်းမော်၊ ပူတာအို၊ ကျောက်ဖြူစသည့် မြို့ကြီး ၂ဝ သို့ တိုးချဲ့ပျံသန်း  ပြေးဆွဲ သွားမည်ဖြစ် ကြောင်း သတင်း ရရှိသည်။
Continue Reading | comments

မြန်မာ့ လာဘ်စားမှု တိုက်ဖျက်ရေး စစ်ဆင်မှု အတွင်း ထောင်နှင့်ချီသော ဗျူရိုကရက်များ အရေးယူခံရ၊ လာဘ်စားမှုတွင် ပါဝင်သူ ၃၈ဝ ဦးခန့်ကို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရ




မြန်မာ၏ “ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရ” လှုပ်ရှားမှု နောက်ပိုင်းတွင် နိုင်ငံဝန် ထမ်း ၁၇,ဝဝဝ ခန့် အပြစ်ပေး အရေးယူခံခဲ့ရပြီး ထိုအထဲမှ ၃၈ဝ ကို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း အစိုးရ သတင်း တစ်ရပ်အရ သိရှိရသည်။

ရဲတပ်ဖွဲ့ဝင် အများအပြား အပါအဝင် ဝန်ထမ်း ၁၆,၉၅၂ ဦးကို ၂ဝ၁၁ ဧပြီမှ ၂ဝ၁၂ ဒီဇင်ဘာ အတွင်း အရေးယူ ခဲ့ကြောင်း၊ ယခု အပတ်တွင်း အစိုးရမှ လွှတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာကို အေအက်ဖ် ပီသတင်းဌာနက သိရှိခဲ့ရသည်ဟု ကြာသပတေးနေ့တွင် ပြောကြား သည်။ ၂ဝ၁၁ ဧပြီတွင် အဆုံးသတ်ခဲ့သော စစ်ဘက် အစိုးရ ၏ အကျင့်ပျက်ခြစားမှု ဆယ်စုနှစ်များ နောက်တွင် ဒီမိုကရေစီ ပိုမိုဖြစ်ထွန်း ရေးနှင့် တရားဥပဒေစိုးမိုးရေး ပြုပြင် ပြောင်းလဲမှုများ၏ အစိတ်အပိုင်း အဖြစ် သမ္မတ ဦးသိန်းစိန်က လာဘ်စားမှုကို ချေမှုန်းရန် ကတိကဝတ် ပြုခဲ့သည်။

အစီရင်ခံစာတွင် စွပ်စွဲသော ပြစ်မှုများကို အသေးစိတ်ဖော်ပြထား ခြင်းမရှိသော်လည်း အပြစ်ပေး အရေးယူမှု များမှာ ထောင်ဒဏ်နှင့် တာဝန် မှထုတ်ပယ်ခြင်းမှသည် သတိပေး စာပေးပို့ခြင်းနှင့် လုပ်ခလစာ ဖြတ်တောက်မှု များအထိ ပါဝင်ကြောင်း၊ ၃၈ဝ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ၄၉ဝဝ ကျော်ကျော်ကို အလုပ်မှ ဖြုတ်ပယ် ခဲ့ကြောင်း၊ ၈ဝ ကို ငွေ ပေးလျော်စေပြီး ရဲ ၆၈၉ ဦးကို အပြစ်ပေးအရေးယူခဲ့ကြောင်း သိရှိ ရသည်။

 “ကောင်းမွန် သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ် ရေးအတွက် ဝန်ကြီးဌာနများကို စုံစမ်း စစ်ဆေးခဲ့ပြီး အရေးယူမှု များကို လုပ်ဆောင်ခဲ့သည်ဟု အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (UNDP) လွှတ်တော် အမတ်တစ်ဦး တင်သွင်းသော အဆိုတစ်ခု နောက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာက ဆိုပါသည်။

ဇန်နဝါရီလ နှောင်းပိုင်းတွင် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်း အဆင့်မြင့် အကျင့်ပျက်ခြစားမှုအတွက် စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ထံမှ နိုင်ငံပိုင်ချေးငွေ ဒေါ်လာသန်းပေါင်း များစွာကို ပြန်လည် ရယူရန် အမိန့် ထုတ်ခဲ့ရာ လာဘ်စားသော အာဏာပိုင်များကို ရှားရှားပါးပါး လူသိရှင်ကြား ကိုင်တွယ်မှု တစ်ခုဖြစ်သည်။ လာဘ်စားမှု တိုက်ဖျက်ရေး ဥပဒေသစ် က အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခု စလုံးရှိ အကျင့်ပျက် ခြစားမှုတွင် ပါဝင်ပတ်သက်သူများကို စုံစမ်းဖော် ထုတ်၍ ထိထိမိမိ တရားစွဲဆိုနိုင်စေ ခဲ့ကြောင်း၊ မကြာသေးမီက အလှူရှင် ဖိုရမ်တစ်ခု တွင် ဖြန့်ချိခဲ့သည့် တရားဝင် စာရွက်စာတမ်း တစ်ခုအရ  သိရှိရသည်။


Ref;AFP/al, http://www.channelnewsasia.com
Continue Reading | comments

တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ရှင် သန်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မ တီနှင့် ကေအိုင်အေ ဆွေးနွေး


ဆွေးနွေးပွဲ မြင်ကွင်း
ဆွေးနွေးပွဲ မြင်ကွင်းမြန်မာအစိုးရ အဖွဲ့သည် မြန်မာနိုင်ငံ၏ အထိအရှ အများပြားဆုံးသော တိုင်းရင်းသား ပဋိပက္ခ တစ်ရပ်ကို အဆုံးသတ်ရန်နှင့် တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဆက်လက် ရှင်သန်စေရန် ကြိုးစားသည့် အနေဖြင့် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အဖွဲ့နှင့် ဖေဖော်ဝါရီ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့ (Ruili) တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်ကျင်းပခဲ့ပြီ ဖြစ်သည်။
ရွှေလီမြို့၊ ကျင်းချိန်ဟိုတယ်တွင် ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲသို့ မြန်မာအစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သလို ကချင် လွတ်မြောက်ရေး (ကေအိုင်အို)ဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နှင့် အဖွဲ့ဝင် ၄ ဦး ပါ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။ အောက်တိုဘာလ ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ခြင်း မရှိသော ကေအိုင်အေမှ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်လာခဲ့ခြင်း ကလည်း ထိုဆွေးနွေးပွဲ၏ ထူးခြားမှုတစ်ရပ် ဖြစ်သည်။
ဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ သံအမတ်ကြီး Mr. Luo Zhaohui တက်ရောက်ခဲ့ပြီး ထူးခြားမှု တစ်ရပ် အနေဖြင့် ထပ်မံတွေ့ရှိရသည်မှာ ကရင် အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူးတို့ ဦးဆောင်သော တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ် များလည်း သက်သေအဖြစ် တက်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲအပြီး နှစ်ဖက်ပူး တွဲထုတ်ပြန်သော ကြေညာချက်အရ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ အတွင်း ကျင်းပရန်၊ အစိုးရနှင့် ကေအိုင်အို အကြား နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပ သွားကြရန်နှင့် ပဋိပက္ခ ဖြစ်ပွား ရာ ဒေသများတွင် လေ့လာစောင့်ကြည့် စိစစ်ရေးစနစ်တစ်ရပ် ထားရှိရေး ဆွေးနွေးဆောင်ရွက် သွားရန် သဘောတူညီ ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ ကျင်းပသော ဆွေးနွေး ပွဲသည် ဆက်လက်ကျင်းပရန်ရှိ သည့် ညှိနှိုင်းမှုများအတွက် အခြေခံ ချမှတ်ရန် ရည်ရွယ် ထားဟန် ရှိပြီး နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး၊ စစ်ရေး တင်းမာမှု လျှော့ချနိုင်ရေး၊ လာမည့်ဆွေးနွေးပွဲ များတွင် သက်သေအဖွဲ့အစည်းများ ထပ်မံဖိတ်ခေါ်နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြသည်။
ဤဆွေးနွေးပွဲသည် နှစ်ဖက် အဖွဲ့အစည်း တို့အကြား တင်းမာမှု လျော့ကျစေကာ ယုံကြည်မှုအချို့ တည်ဆောက်နိုင် မည်ဖြစ်သော်လည်း အရှည်တည်တံ့သော အပစ်အခတ် ရပ်စဲမှု ရရှိရန်မှာမူ အဖွဲ့အစည်း တစ်ဖက်ဘက်မှ ပျော့ပြောင်းသော သဘောထား ရပ်တည်မှု ပြသရန် လိုအပ်မည် ဖြစ်ပေသည်။
အစိုးရဘက်မှ ရေရှည်နိုင်ငံရေး ဆွေးနွေးပွဲများ မစတင်မီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးစေ လိုသော်လည်း မြန်မာစစ်တပ်အပေါ် ယုံကြည်မှု ဆိတ်သုဉ်းနေသည့် ကေအိုင်အေက အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးခြင်း မပြုမီ ခိုင်မာသော အဆို တင်သွင်းချက် တစ်ရပ်ကို ဦးစွာ ရယူလိုပေသည်။ နှစ်ဖက် အဖွဲ့အစည်းကြား ၁၁ ကြိမ် တိုင်တိုင် ပျက်ပြားခဲ့ရသော ငြိမ်းချမ်းရေး အားထုတ် ကြိုးပမ်းမှုတို့က ကြားဝင်ညှိနှိုင်းရန် ခဲယဉ်းသည့် အခြေအနေ တစ်ရပ်ကို မီးမောင်းထိုး ပြသနေပေသည်။
မည်သို့ပင်ဖြစ်စေ၊ ကေအိုင်အေတို့ နှင့် တွေ့ဆုံဆွေးနွေးခြင်းက သာ၍ ရှုပ်ထွေးဖွယ်ရှိသော နိုင်ငံရေး ညှိနှိုင်းမှု များကို အစိုးရ အနေဖြင့် စတင် ဆောင်ရွက် လာစေ မည်ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ရလိုမှုအတွက် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား အစုအဖွဲ့တို့ကို  တစ်ခုတည်းသော နိုင်ငံရေးအုပ်စုအတွင်း သို့ စည်းရုံး သိမ်းသွင်းနိုင်ရန်၊ မည်သို့သော အာမခံချက်များနှင့် မည်သို့ သော မဲဆွယ်စည်းရုံးမှုများ ပြုလုပ်မည် ဆိုသည်ကိုမူ ညွှန်းဆိုဖော်ပြခြင်း အလျဉ်းမရှိသေးပေ။
Ref: Myanmar Starts Peace talks with top kachin leaders in China Reuters Feb 4,2013
ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့၏ အစည်းအဝေး မှတ်တမ်း
ပူးတွဲကြေညာချက်
Continue Reading | comments

မလေး ၊စင်ကာပူ ၊တရုတ်တို့က ကဏန်းပျော့ကို အဓိက၀ယ်ယူမှုရှိနေ

မြန်မာနိုင်ငံက ထုတ်လုပ် တင်ပို့ ရောင်းချလျှက် ရှိနေသော ကဏန်းပျော့များကို မလေးရှား၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့က အဓိက ၀ယ်ယူလျှက်ရှိနေကြောင်း မြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

“ မြန်မာနိုင်ငံက တင်ပို့နေတဲ့ ကဏန်းပျော့ကို မလေးရှား၊ စင်္ကာပူနဲ့ တရုတ်ဝယ်လက်တွေက အဓိက၀ယ်ယူ
နေပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ဈေးကွက်သစ်တွေ ထပ်ရလာဖို့အတွက် အခုတလော စမ်းသပ်တင်ပို့ မှုတွေလည်း ရှိနေပါတယ် ” ဟုမြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးနှင်းဦးက ပြောသည်။

မြန်မာကဏန်းပျော့ကို ၀ယ်ယူနေသည့် အခြားဝယ်လက်နိုင်ငံများမှ ထိုင်း၊ ဟောင်ကောင်၊ သြစတြေးလျ စသည့် နိုင်ငံတို့ ဖြစ်သည်။

“ကဏန်းပျော့ကို ပုံမှန်ကုန်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး တို့ကနေ တင်ပို့ပါတယ်။ ကဏန်းပျော့ တင်ပို့မှု ကနေ ရရှိတဲ့ ၀င်ငွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ရက်ကနေ ဖေဖော်ဝါရီ ၃ရက်အထိ အမေရိကန်
ဒေါ်လာ၈.၃၀၈သန်း ရရှိထားပြီး ဖြစ်ပါတယ်” ဟု ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာနခွဲမှ တာဝန်ရှိသူ တဦးက
ပြောသည်။

ယင်းရရှိငွေများမှာ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုက အမေရိကန်ဒေါ်လာ ၄.၃၈၁ သန်း၊ နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖြစ်သည့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းက အမေရိကန် ဒေါ်လာ ၀.၀၀၂ သန်း ၊ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းက အမေရိကန် ဒေါ်လာ ၃.၉၈၈ သန်း တင်ပို့မှုရှိခဲ့သည်။

အဆောင်ကောင်း ကုမ္မဏီမှ တာဝန်ရှိသူတဦးဖြစ်သော ဦးမောင်စစ်က “မြန်မာကဏန်းပျော့က ပြည်ပ
နိုင်ငံတွေရဲ့ ဝယ်လိုအား ရှိနေပါတယ်။ အရင်နှစ်တွေက တလကို ပျှမ်းမျှ ကဏန်းပျော့ တန် ၃၀-၄၀ လောက်ပဲ တင်ပို့မှု ရှိခဲ့ပါတယ်။ အခုတော့ တလကို ပျှမ်းမျှ တန် ၅၀ လောက် တင်ပို့နေရပါတယ်” ဟု ရှင်းပြခဲ့သည်။

ယခုအခါ ကဏန်းပျော့များကို တနင်္သာရီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ထုတ်လုပ်တင်ပို့လျှက် ရှိသည်။
Continue Reading | comments

ကချင်


Continue Reading | comments

မဏိပူရ သူပုန်အဖွဲ့မှ ၄၅ ဦးပါ အုပ်စုတစု ပြည်တော်ပြန်


တမူးမြို့ နယ်အတွင်း လက်နက်ကိုင် အခြေချ နေထိုင်နေသည့် မဏိပူ သူပုန် အဖွဲ့များထဲမှ The United People's Party of Kangleipak (UPPK) အဖွဲ့သည် အိန္ဒိယ အစိုးရ နှင့် ဆက်သွယ်မှုရယူပြီး မြန်မာ- မဏိပူ နယ်စပ်
ဖြတ်ကျော်ကာ  မိုးရေးမြို့သို့ ပြန်လည် ၀င်ရောက်လာကြောင်း ပြည်နယ်ထုတ် သတင်းစာများမှ သိရသည်။

ထိုအဖွဲ့အား မိုးရေးမြို့သို့ ပြန်လည်ဝင်ရောက်လာနိုင်ရေး မဏိပူပြည်နယ် ခရိုင်ရဲကွန်မန်ဒိုအဖွဲ့က မိုးရေးမြို့မှ
စောင့်ဆိုင်းကူညီ ပေးခဲ့ကြောင်း ပြည်နယ်ထုတ်
သတင်းစာများက ဖော်ပြသည်။

‘အိန္ဒိယ အစိုးရမှ မတရားအသင်း ကြေညာထားသည့် The United People's Party of Kangleipak (UPPK) အဖွဲ့မှ ထိပ်တန်းခေါင်းဆောင် အချို့ အပါအ၀င် အဖွဲ့ဝင် ၄၅ ဦးပါအဖွဲ့သည် မြန်မာ- မဏိပူ နယ်စပ်ကို၏
ကျော်ဖြတ်ရန် ကြိုးစားနေစဉ် နယ်စပ်ဖြတ်ကျော်နိုင်ရေး အတွက် မဏိပူရ ပြည်နယ် ထောက်ဘား (Thoubal) ခရိုင် ရဲကွန်မန်ဒို အဖွဲ့က မိုးရေးမြို့မှ ကူညီ ကယ်ဆယ်ခဲ့သည်’ ဟု ရေးသားထားသည်။

ထိုသူများ၏ ထွက်ဆိုချက်များအရ မဏိပူရ ပြည်နယ် နာဂ တော်လှန်ရေးတပ်ဦး နှင့် အာသံ Katampur လွတ်မြောက်ရေး အဖွဲ့ တို့ နှင့်အတူ တမူးမြို့နယ်ခွဲ လိုင်ဘုတ်(Leipok) အရပ်တွင် စခန်းချနေထိုင်ခဲ့ကြောင်း
ပြည်နယ်ထုတ် သတင်းစာများက ရေးသားသည်။

ထိုအဖွဲ့၏ အမျိုးသမီး ကေဒါ ၄ ဦးနှင့် အတူ ဗိုလ်မှူး ၄ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး တို့ ပါဝင်ပြီး မြန်မာ
ပြည်ဘက်မှ အိန္ဒိယ ဘက်အခြမ်း မိုးရေးမြို့ သို့ တနင်္ဂနေနေ့ မနက် အစောပိုင်းက အိန္ဒိယ ရဲကွန်မန် ဒို အဖွဲ့နှင့် ဆက်သွယ်ကာ တိတ်တဆိတ် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ တိုယိုတာ ကားတစီး၊ ကမ်ဘို(Kenbo) မော်တော်ဆိုင်ကယ်တစီး၊ LMG စက်သေနတ် ၁ လက်၊ Heckler Kolhn (HK) ရိုင်ဖယ် ၂ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ ဗုံးပစ်လောင်ချာ ၁ လက်၊ လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများပါရှိကြောင်း ရေးသားထားသည်။

အိန္ဒိယ အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ အဆိုအရ “ ယူပီပီကေနှင့် ၂၀၁၂ နိုဝင်ဘာမှစပီးဆွေးနွေးခဲ့မှုများ သည် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကေဒါ ၄၅ ဦး လက်နက်အမျိုးမျိုးနှင့်အတူ ငြိမ်းချမ်းရေးဖြစ်စဉ် အစီအစဉ် အတွင်းပြန်လည်ဝင်ရောက်လာခြင်းဖြင့် အဆုံးသတ်ကန့်လန့်ကာချလိုက်ပြီဖြစ်သည်” ဟု ရေးသားထား သည်။

မဏိပူပြည်နယ်အတွင်း သတင်းစာများသည် သူပုန် ကိစ္စရပ်များနှင့် ပါတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့်
ကွေ့ဝိုက်ရေးသား ဖော်ပြကြရသည်ဟု ထင်မြင်ကြောင်း ကူကီးအမျိုးသား တပ်မတော် (KNA) က မေဂျာ ပေါလ် က မဇ္စျိမ ကို ထင်မြင်ချက် ပေးသည်။

၎င်းက “ အလင်းဝင်ချင်ရင် လိုင်းအရင်ယူရတယ်။ မတော်တဆ နားလည်မှု လွှဲပြီး အချင်းချင်း ပစ်ကြခတ်ကြမှာ
စိုးလို့လေနော်။ အိန္ဒိယက ကျနော်တို့ မြန်မာနိုင်ငံလို ကြိုဆိုရေးစခန်း တွေ ဘာတွေ မရှိဘူး။ သူတို့ သတင်းအရင်ပို့
မယ်။ သူတို့ ကြားခံလူ တယောက်ယောက်ကနေ လမ်းညွှန် မယ်။ အမှန်ကတော့ လက်နက်ချတာပါပဲ။ လူတွေ လက်နက်နဲ့ ဓါတ်ပုံရိုက်ပြီဆိုရင်တော့ အလင်းဝင်တဲ့ သဘောပါပဲ” ဟု သုံးသပ် ပြောဆိုသည်။

၎င်းတို့အား အိန္ဒိယ အစိုးရ ထိမ်းသိမ်းစောင့်ရှောက်မှုအောက်တွင် ထားရှိပြီး အိန္ဒိယအစိုးရနှင့် စေ့စပ် ဆွေးနွေးရေး စကားဝိုင်းအတွက် ပြင်ဆင်နေပြီး နောက်ဆက်တွဲ သတင်းကို မသိရှိရသေးကြောင်း မဏိပူရ ပြည်နယ်မှ ရှေ့နေ
တဦးမှ မဇ္စျိမကို ပြောသည်။

၎င်းက “ ဒီကိစ္စနဲ့ ပါတ်သက်ပြီး သတင်းစာတွေက အသေး စိတ်ရေးသားတာ မရှိဘူး။ သတင်းဓါတ်ပုံတွေမှာတော့ UPPK အဖွဲ့ဝင်တွေဟာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတာ တွေ့ရတယ်” ဟု ပြောသည်။

အိန္ဒိယ အစိုးရ အနေဖြင့် ထိုကဲ့သို့ ပြည်တော်ပြန်ဝင်လာသူများကို စားဝတ်နေရေး အဆင်ပြေစေရန် လစာထောက်
ပံ့ကြေး တစုံတရာ ပေးလေ့ရှိကြောင်း မဏိပူရတွင် နေထိုင်သူ အမျိုးသမီး တဦးကလည်း ပြောသည်။

အဆိုပါ အမျိုးသမီးက “တလ မှာ ၃၅၀၀ ရူးပီး ထောက်ပံ့တယ်။ ၂ နှစ်လား၊ သုံးနှစ်လားမသိဘူး။ စားဝတ်နေရေး အဆင်ပြေ အောင် သူတို့ကို တယောက်ကို ၂ သိန်းခွဲ ပေးမယ်” ဟု ပြောဆိုသွားသည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF, UNLF, Manipur Naga Revolutionary Front (MNRF), The Katampur Liberation Organisation, KLO of Assam တို့အပါအဝင် မြန်မာပိုင်နက်ထဲ တွင် အိန္ဒိယလက်နက်
ကိုင်သူပုန် ဆယ်ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်ကြကြောင်း သတင်းစာများ တွင် ရေးသားကြသည်။

တနင်္ဂနွေနေ့က တမူးမြို့တွင် လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံ ၆၀ လုံး၊ နင်းမိုင်း ၂၃၊ ကျည်မျိုးစုံ ၇၉၀၇
တောင့်၊ ကျည်အိမ်မျိုးစုံ ၁၉၅ ခု၊ ယမ်းတောင့် ၂၅၁၊ ယမ်းကြိုးခွေ ၄ ခွေ သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ က ရေးသားထား သည်။

ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေးအဖွဲ့ United National Liberation Front (UNLF)မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ဦးတွန်ဘ နှင့် ဗိုလ်အဆင့်ရှိသူ ကိုမြင့်အောင် တို့မှ အဆိုပါ လက်နက်သေတ္တာ ၁၀လုံးကိုလာရောက် အပ်နှံထားခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စာမျက်နှာတွင်ဖော်ပြခဲ့သည်။
Continue Reading | comments (1)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပထမအကြိမ် ပြည်သူ့လွှတ်တော်



ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းဝေး(၁၄ - ၈ -၂၀၁၂)ရက်နေ့တွင် ပြောကြားချက်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          ကျွန်တော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)ပါပြဋ္ဌာန်းချက်အား ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ်(၅)အရ ဥပဒေအရပေးအပ်ေသာ တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သဘောထားကို၂၀၁၂ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် လွှတ်တော်အခွင့်အရေး ကော်မတီမှတစ်ဆင့် ဒုတိယအကြိမ်အဖြစ် ထပ်မံတင်ပြလာကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက တရားနည်းလမ်းကျစွာ တင်ပြ တောင်းဆိုလာသော ကိစ္စရပ်များနှင့် တာဝန်ပေးမှုများအား လက်ခံဆောင်ရွက်ပေးရမည်ကို မိမိနားလည် သဘောပေါက်ပါတယ်။ သို့ရာတွင် ဤလို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းကိစ္စရပ် များကို အလျဉ်းမပြုလုပ်လိုပါ။ လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း မိမိထက်မနည်းသော စိတ်စေတနာကောင်းများရှိကြလိမ့်မည်ဟု ယုံကြည်ပါတယ်။ သို့ပါသောကြောင့် စွပ်စွဲပြစ်တင်မှု နည်းလမ်းအစား အခြားနည်းလမ်း တစ်ခုခုဖြစ်မြောက်ရေး အတွက် ကြိုးပမ်းမှုပြုနေချိန်တွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် သည်းခံစိတ်ထားရှိ၍ ခေတ္တခဏ စောင့်ဆိုင်း ပေးစေလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒများကို နိုင်ငံတော် သမ္မတထံပေးပို့အကြောင်းကြားပြီး နိုင်ငံတော်၏ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် ဆက်စပ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအား မထိခိုက်စေ‌ရေးတို့အတွက် ဆက်လက်ဆောင်ရွက်ခွင့် ပြုစေလိုပါတယ်။ မိမိဆောင်ရွက်လို သည်မှာ လွှတ်တော်ကိုယ်စားလှယ်များအတွင်း ဖြစ်ပေါ်နေသောဆန္ဒနှင့် သဘောထားများကို နိုင်ငံတော် သမ္မတသိရှိစေပြီး ကောင်းမွန်မှန်ကန်စွာ ဆုံွးဖတ်ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်ပါတယ်။
          ယခုကိစ္စကို စတင်ပေါ်ပေါက်စေခဲ့သော နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၃/ညမ (၁)၃-၁ (၉၂)နပတ(၇၂)အရ တင်သွင်းခဲ့သည့်တင်သွင်းလွှာအား ပြန်လည် ရုပ်သိမ်းပေးပါရန်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏အသိစိတ်ဓာတ်ဖြင့် တာဝန်မှအနားယူစေခြင်း တို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၂၁) ရက်နေ့ မတိုင်မီ အပြီးဆောင်ရွက်ပေးပါရန်၊ ထိုသို့ဆောင်ရွက် ပေးပါက ကိုယ်စားလှယ်များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်းကိစ္စအား ဆက်လက်ဆောင်ရွက်မှု ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ရေးသား ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီသဘောထားနှင့် ဆောင်ရွက်မှုကို လွှတ်တော်အား  အသိပေး တင်ပြခြင်းဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ၊ နာစရာရှိရင် လွမ်းစရာနှင့်ဖြေ ဆိုသည့်စကားများအတိုင်း စာနာထောက်ထား ငဲ့ညှာမှုများနှင့် ဆက်လက် ပြုမူဆောင်ရွက်သွားစေလိုပါတယ်။
ယခုကိစ္စရပ်ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံတော်သမ္မတ၏တင်သွင်းလွှာ အပေါ်  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ၃-၂-၂၀၁၂ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်မှ အခွင့်အာဏာလွှဲအပ်ခြင်းခံရသူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ၁၇-၂-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ နိုင်ငံတော်သမ္မတ၏တင်သွင်းလွှာအပေါ် ရှင်းလင်းချက်အား ပြန်လည် တင်သွင်းခဲ့ပါတယ်။ ၎င်းနောက် ၂၈-၃-၂၀၁၂ ရက်နေ့တွင်  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက "လွှတ်တော်အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်ခြင်းမရှိကြောင်း" ဆုံးဖြတ်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များအရလည်းကောင်း၊ ယင်းအပေါ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင်လည်းကောင်း ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သဘောထား ဆန္ဒများမှာ တည်ဆဲဥပဒေများဖြစ်သောပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေများတွင် အတိအလင်းပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များအပေါ် ယခုကဲ့သို့ ဆောင်ရွက်မှု များသည် နိုင်ငံတော်ဖွဲ့စည်းပုံအွခေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ဆုံးဖြတ် ဆောင်ရွက်ခွင့်မရှိသလို ဆုံးဖြတ်ဆောင်ရွက်ရာတွင်လည်း ဥပဒေများကို မျက်ကွယ်ပြု၍ မှားယွင်းစွာ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဤသို့မှားယွင်း ဆောင်ရွက်ခဲ့သည့်ကိစ္စများအတွက် လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာများထိခိုက်ခြင်း၊ လွှတ်တော်လုပ်ငန်းများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ကန့်သတ်မှု၊ ခက်ခဲမှုနှင့် ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း တင်ပြခဲ့ကြ ပါတယ်။


လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          ၂၀၁၂ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၉၁ ဦး က လက်မှတ်ရေးထိုး၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန် အရေးကြီးအဆိုတင်သွင်း မည်ဖြစ်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီမှတစ်ဆင့် မိမိထံအသိပေး တင်ပြလာခဲ့ကြပါတယ်။ ၎င်းကိစ္စအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ခေတ္တဆိုင်းငံ့ထားပြီး ပြည်သူ့လွှတ်တော်မှ ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များအား ခေါ်ယူတွေ့ဆုံ၍ ပြေလည်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံ သွားရောက် ရှင်းလင်းတင်ပြစေခဲ့ရာ နိုင်ငံတော်သမ္မတက ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါက တင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ပြန်ကြားလာမှုကို ကြားသိခဲ့ရ၍ စွပ်စွဲပြစ်တင်ခြင်း ဆောင်ရွက်မည့်ကိစ္စအား ဆက်လက် ဆောင်ရွက်ခြင်းမပြုစေဘဲ ရပ်ဆိုင်း ထားခဲ့ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိထားပြီးဖြစ်ပါတယ်။ ဥက္ကဋ္ဌ အနေဖြင့်လည်း စွပ်စွဲပြစ်တင်မှုအဆင့်အထိ မရောက်ရှိစေရေးအတွက် နိုင်ငံတော် သမ္မတနှင့်လည်းကောင်း၊ အခြားတာဝန်ရှိသူများနှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုခဲ့ပါတယ်။ (၉-၈-၂၀၁၂) ရက်နေ့ကပင် နိုင်ငံတော် သမ္မတထံ လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များ၏ သဘောထားဆန္ဒ အခြေအနေများကို ရှင်းလင်းပြောကြားပြီး စွပ်စွဲပြစ်တင်မှုမပြုလုပ်ဘဲ ဖြေရှင်းဆောင်ရွက်၍ ပြေလည်စေနိုင်သော အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံး နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ရန် တင်ပြခဲ့ပါ‌ သေးတယ်။
          သို့သော်လည်း ယခုအချိန်အထိ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခြင်းမရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များက ယင်းတို့၏ လွှတ်တော်ရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာပြီး ခံစားမှုများကြီးမားလာကာ ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုး၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်ရန် အဆင့်အထိ ဆက်လက်ဆောင်ရွက်ပေးရန် အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          ဒီကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆက်လက်၍ သည်းခံစိတ်ထားရှိပြီး သတ်မှတ် ပေးထားသည့်ကာလအတွင်း နိုင်ငံတော် သမ္မတက ဆောင်ရွက်ပေးမည့်အချိန်အထိ စောင့်ဆိုင်းပေးပါရန်နှင့် မိမိ ကလည်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ဆောင်ရွက်သွားပါမယ်။ သတ်မှတ်ကာလအတွင်း အဆင်ပြေခြင်းမရှိပါက လွှတ်တော်ကိုယ်စားလှယ် များ၏ဆန္ဒအတိုင်း စွပ်စွဲပြစ်တင်မှုပြုလုပ်လိုပါက ပြုလုပ်နိုင်ကြပါကြောင်း နှင့် ယခုမူ ခေတ္တစောင့်ဆိုင်း သည်းခံပေးပါရန် မေတ္တာရပ်ခံတင်ပြအပ် ပါတယ်။
Continue Reading | comments


ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ (ရည်ရွယ်ချက်) က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး က အဓိကပဲ။ Check & Balance ဆိုတဲ့ စကားလုံး အပေါ် (လိုအပ်တာထက် ပိုမိုပြီး) အစွဲအလမ်း ကြီးနေစရာ မလိုဘူး။ အခြေခံ ဥပဒေခုံရုံး တရားသူကြီး ဥက္ကဌ ရွေးတာ လွှတ်တော် ဥက္ကဌ ၂ဦးနဲ့ တိုင်ပင်ရွေးရတာ၊ စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက် ကို လွှတ်တော်ကို မိတ္တူ ပေး ရတာ၊ ၀န်ကြီးဌာနတွေ ရဲ့ လုပ်ငန်းတွေ ကို စစ်ဆေး ဘို့ လွှတ်တော်က တာဝန်ပေးနိုင်တာ တွေက လဲ ပြည်သူ အတွက် အကျိုးယုတ်စရာ ဘာမှမရှိပါဘူး။
တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲအစိုးရ အလိုတော်အရ ဆုံဖြတ်နေတာ အနှစ် (၅၀) ရှိပါပြီ။ လက်ရှိ တွေ့မြင် နေရ တာ ကလဲ မြန်မာပြည်ထဲမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အဖွဲ့ ပေါင်းပြီး ဥပဒေ က မည်သို့ပင် ဆိုစေကာမူ ပြည်သူလူထုကို အထက်စီး က နိုင်လိုမင်းထက် ဆက်ဆံ နေတယ်။ တရားစီရင်ရေး အပိုင်းက ခေါင်ကစပြီး မပြောင်းသေး ပါဘူး။ အာဏာရှိသူနဲ့ ဘောင်ဘီစိမ်း ၀တ်သူခိုင်းရင် ကြမ်ပိုးကိုလည်း လိပ်လို့ အဓိပ္ဖာယ်ဖွင့် စီရင်တတ်တာ တရားရုံးနဲ့ နီးစပ်သူများ သိပါ သည်။ နောက် ငွေပေး ရင်လည်း တရားနိုင်တုန်း ပါဘဲ။ အစိုးရ ၀န်ကြီးဌာန တချို့က အပေါ်က နဲနဲပြောင်း ပြပြီး အောက်ခြေ ၀န်ထမ်းများ ကတော့ မပြောင်းသေးပါ။ မခက် ခက်အောင် လုပ်ပြီး ငွေညစ် တုန်းပါဘဲ။ ပြည်သူတွေကို အစိုးရ ဌာနေ၇ာက်ရင် စာရွက်စာတမ်း မျိုးစုံ တင်ခိုင်းပြီး အခက်အခဲဖြစ်လို့ ပွဲစားအပ်လိုက်တဲ့ခါ ပွဲစားနဲ့ ၀န်ထမ်းပေါင်းပြီး ဘောင်ဝင်အောင် လုပ်စာရွက် အတုတွေနဲ့ အားလုံးအဆင်ပြေသွားတယ်။ ၀န်ကြီးဌာနတွေနဲ့ ၀န်ထမ်းတွေက မိမိတို့ Role မပျောက်ရေး၊ စားကွက် မပျောက်ရေး အ တွက် ဖြေလျှော့ရေး လုပ်ငန်း စဉ်တွေ ကို ကုတ်ကပ် ကြံဖန် ညစ်နေကြတာ ဌာန ဆိုင်ရာ နဲ့ ထိတွေ့မှု ရှိတဲ့ နေရာတိုင်းက ပြည်သူတွေ ခံနေရပါတယ်။
ဒီအခြေအနေမှာ Check and Balance လုပ်ဘို့ လွတ်တော်ပဲ ရှိတယ်။ ဒီတော့ လွတ်တော် စုံညီ အစည်းအဝေး သာ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဖြစ်ပြီး လွတ်တော်က ဖွဲ့စည်း တဲ့ ကော်မ တီ ကော်မ ရှင်တွေ ကို ပြည်ထောင်စု အဆင့် မသတ်မှတ် ရင် အစိုးရ ၀န်ကြီးဌာနတွေနဲ့ တရား ရုံးတွေ က တရားလက်လွတ် စီရင် တာတွေ ကို ပြည်သူ လူထု ဘက်က ရပ်တည်ပြီး အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေးဘို့ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေး ဘို့(Check and Balance လုပ်ဘို့) အဖွဲ့ အစည်း မရှိဘူး။ လွတ်တော် စုံညီ အစည်း အဝေး တွေ ကို စောင့်ရ တဲ့ အတွက် ပြည်သူ လူထုရဲ့ အခွင့်အရေးများ နစ်နာ ဆုံးရှုံးလျှက် ရှိနေပါတယ်။ အစိုးရ အဖွဲ့ နဲ့ တရားရုံးတွေက စီရင်ပြီးသား ဆုံးဖြတ်ချက်တွေ ကို ပြင်ဆင်ပေးဘို့ က တရားသူကြီးတွေ ကို လွတ်တော်မှာ စွပ်စွဲပြစ်တင် ဘို့ နည်းလမ်း ပဲ ရှိမယ်။ ဒီတော့ လွတ်တော် စုံညီ အစည်းအဝေး ကာလ မဟုတ်တဲ့ အချိန်တွေမှာ နစ်နာ သူ ပြည်သူ့ ဘက်က အစိုးရ ၀န်ကြီးဌာနတွေ နဲ့ တရားရုံးတွေ ကို အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေး ဘို့၊ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေးဘို့၊ လွတ်တော် ကိုယ်စား ဖွဲ့စည်း ထားသော ကော် မတီ ကော်မရှင်တွေ ဟာ ပြည်ထောင်စု အဆင့် ဖြစ် မှသာ Check and Balance လုပ်ပေးနိုင် မှာဖြစ်တယ်။ လွတ်တော် ကော်မတီ ကော်မရှင်တွေကို ဥပဒေနှင့် ညီညွတ်မှု ရှိပါကြောင်း သက်ဆိုင်ရာ အစိုးရ ၀န်ကြီး ဌာနနဲ့ တရားရုံး တွေ က စီရင်ဆုံးဖြတ်ခြင်း မပြုမီ ဖြေ ရှင်းချက် ပေးရ တာဟာ လွတ်လပ်စွာ တရား စီရင်ရေး ကို မထိခိုက် တဲ့ အပြင် ပြည်သူ ကို လုပ် ချင်တိုင်း လုပ် မရဘဲ စီရင်ဆုံးဖြတ်မှုတွေဟာ ဥပဒေနဲ့ ညီညွတ်ကြောင်း၊ ပိုမို ခိုင်လုံစေတဲ့ အတွက် တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေး အတွက် မလွဲမသွေ လိုအပ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ရည်မှန်းတဲ့ Check & Balance ဖြစ်စေရေးကို ပံ့ပိုး တဲ့ ပြဌာန်းချက် ဖြစ်တယ်။ ကော် မတီ ကော်မ ရှင်တွေ က စီစစ်တာကို ဥပဒေအတိုင်း စီရင်မယ်ဆိုရင် စီရင်မယ့် အဖွဲအစည်းက တုန်လှုပ်စရာမရှိပါဘူး။ ကန်ကွက်စရာလဲ မရှိပါဘူး။ အစိုးရ ၀န်ကြီး ဌာနတွေနဲ့ တရားရုံးတွေ ကတော့ သူတို့ စီရင်ချင်တိုင်း စီရင် ဆုံးဖြတ်လို့ မရတော့ ဘယ်ကြိုက်မှာလဲ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ (ရည်ရွယ်ချက်) က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး က အဓိကပဲ။ Check & Balance ဆိုတဲ့ စကားလုံး အပေါ် (လိုအပ်တာထက် ပိုမိုပြီး) အစွဲ အလမ်း ကြီးနေ စရာ မလိုပါဘူး။ လွတ်တော် ကိုယ်စားလှယ်တွေ ထဲမှာလည်း ခုံရုံးနဲ့ တရားရုးံချုပ် တရားသူကြီးနေရာ တာဝန်ယူနိုင်တဲ့သူ အများကြီး ရှိပါတယ်။ (ဒီတော့ ဒီလို လူအများစုက ၀ိုင်းဝန်း ဆုံးဖြတ်ထားတာ မမှားပါဘူး။) ဒီလူတွေ ကိုလည်း ပြည်သူက လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ကိုယ်စားလှယ် လွဲထားတယ်။ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာ ပိုင်ရှင် ဟာ ပြည်သူ ဖြစ် တယ် လို့ ဖွဲစည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားတော့ ပြည်သူ့ထံ က အာဏာ (၃)ရပ် ကို တိုက်ရိုက် လွဲအပ်ထားတဲ့ လွတ်တော်မှာ အချုပ်အချာ အာဏာ (၃)ရပ် တည်ရှိတယ်။ ပြည်ထောင်စု လွှတ်တော် ဟာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ အစည်းဖြစ်တယ်။ ဒီအာဏာကို တာဝန်ခံဆောင်ရွက်ဖို့ သမ္မတနဲ့ တရားသူကြီးများကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ရွှေးချယ် ထားတာ။ သမ္မတ ကိုယ်တိုင်သည် ပင် ပြည်သူက တိုက်ရိုက်ရွေး ထားတဲ့ Elective မဟုတ်ပဲ လွှတ်တော်က ရွေးချယ်ထားတဲ့ Selective ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့် လွှတ်တော်မှာ Right to Recall ရှိတယ်။ သမ္မတက စပြီး ၀န်ကြီးတွေ၊ တရားသူကြီးတွေ ကို ဆုံးဖြတ်ခွင့်ပေးထားပြီး ဆုံးဖြတ်ရာ မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဘို့နဲ့ ဆုံဖြတ်ချက်မှားရင် လွှတ်တော်မှာ Right to Recall လုပ်နိုင်အောင် ပေးထား တဲ့ အခြေခံဥပဒေ ထဲက အခွင့်အရေးမဟုတ်ဘူလား။ သမ္မတနဲ့ ၀န်ကြီးတွေ၊ တရားသူကြီးတွေမှာ ဆုံဖြတ် ပိုင်ခွင့်ပေး ထားပြီး လွှတ်တော်က Check and Balance လုပ်ဘို့ ပေးထားတဲ့ လုပ်ပိုင်ခွင့်ပါ။ Check and Balance လုပ်ဘို့ လွှတ်တော်တွေ က ရွေးချယ် ဖွဲ့စည်းပေး တဲ့ ကော်မတီ ကော်မ ရှင်တွေ ကို ပြည်ထောင် စု အဆင့်လို့ ဥပဒေထဲ ထည့် သွင်းပြဌာန်း တာက ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး) နဲ့လည်း ဆန့်ကျင် စရာ ဘာအကြောင်း မှ မရှိပါဘူး။ လွတ်တော်များက ဖွဲစည်းသော ကော်မ တီ ကော်မ ရှင်တွေ ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြည်ထောင် စု အဆင့် လို့ မဖော်ပြ လို့ ပြည်ထောင် စု အဆင့် လို့ သတ်မှတ်တာ မှားတယ်ဆိုတဲ့ ခုံရုံး ဆုံးဖြတ်ချက် ဟာ မမှန်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ မပါလို့ မပြဌာန်း ထားလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး၊ မညီညွတ် ဘူး။ ပြဌာန်း တဲ့ ဥပဒေကို ပျက်ပြယ် တယ် ပြောမရ ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး) နဲ့ ဆန့်ကျင်မှ ပျက်ပြယ် တာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ ပင်မ ဥပဒေဖြစ်တဲ့ အတွက် အားလုံးအသေးစိတ် ပါချင်မှ ပါပါမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ မပါတာတွေ ကို အသေးစိတ် ဖော်ပြတဲ့ ဥပဒေတွေ ပြဌာန်း လို့ ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး) ကို ဆန့် ကျင် ပြ ဌာန်း လို့တော့ မရ ပါဘူး။ အသစ် ပြဌာန်းတဲ့ ဥပဒေ ပျက်ပြယ်ကြောင်း အတည်ပြုနိုင်ဘို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွား ကို ကာကွယ် စောင့်ရှောက်ရေး) ကို ဆန့်ကျင်နေတယ် ဆိုတာ သက်သေပြနိုင်ဘို့ လိုပါတယ်။ လိုသလိုဆွဲ အဓိပ္ဖာယ် ဖွင့်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ မပါလို့ မပြဌာန်းထားလို့ ဆိုပြီး (Check & Balance ဆိုတဲ့ စကားလုံး အပေါ် (လိုအပ်တာထက်ပိုမိုပြီး) အစွဲအလမ်း ကြီးနေစရာ မလိုဘူး။) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး၊ မညီညွတ် ဘူး ဆိုတဲ့ ၀ိုးတိုးဝါးတား သုံးသပ်ချက်နဲ့ ဆုံးဖြတ် လို့ မရပါဘူး။

အခြေခံ ဥပဒေခုံရုံး တရားသူကြီး ဥက္ကဌ ရွေးတာ လွှတ်တော်ဥက္ကဌ ၂ဦးနဲ့ တိုင်ပင်ရွေးရတာ၊ စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက် ကို လွှတ်တော်ကို မိတ္တူ ပေးရတာ၊ ၀န်ကြီးဌာနတွေ လုပ်ငန်းတွေ ကို စစ်ဆေးဘို့ လွှတ်တော်က တာဝန်ပေးနိုင်တာ တွေက လဲ ပြည်သူအတွက် အကျိုးယုတ်စရာ ဘာမှမရှိပါဘူး။ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ (ရည်ရွယ်ချက်) က ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ကာ ကွယ် စောင့်ရှောက်ရေး က အဓိကပဲ။)
တရာသူကြီတွေ ဥပဒေကို ကြိုက်သလို အဓိပ္မါယ် ဖွင်ပြီး လုပ်စားနေတာ၊ ၀န်ကြီးဌာနတွေ Check & Balance မရှိပဲ လုပ်ချင်ရာ လုပ်စားနေ တာ ကြာပြီ။ ပြည်သူ တရပ်လုံး လည်စင်း ခံနေ ရတာ ကြာပါပြီ။ လွတ်တော် ကိုယ်စား လှယ်တွေ က ပြောင်းနေ မှာပါ။ နောက်ရွေးကောက် ပွဲ တွေ မှာ လွတ်တော် ကိုယ်စား လှယ်တွေ ပြောင်းသွားမှာပါ။ ဒီတော့ Democracy နီုင်ငံရေးစနစ် ဖွံ့ဖြိုးရေးအတွက် ဒိမိုကရေစီ စနစ်ရဲ့ အသက်ဖြစ်တဲ့ လွှတ်တော်ဘက် ကနေပြီး ပြတ်ပြတ် သားသား ရပ်တည်ပါတယ်
Continue Reading | comments

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုကော်မတီစုံညီအစည်းအဝေး ၁/၂၀၁၃ ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
(ကျောင်းသားတပ်မတော်)
ဗဟိုကော်မတီစုံညီအစည်းအဝေး ၁/၂၀၁၃ ထုတ်ပြန်ကြေညာချက်
           
၁။         မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ  ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ၏ ဗဟိုကော်မတီစုံညီ အစည်း အဝေး ၁/၂၀၁၃ ကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက် အထိ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ပြည်တွင်း လေ့လာရေးခရီးစဉ်မှ ရရှိချက်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများအား တင်ပြသုံးသပ်ခဲ့ကြကာ ရှေ့ဆက်ဆောင်ရွက်ရမည့် နိုင်ငံရေးလုပ်ငန်းစဉ်များ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။
၂။         မိမိတို့ မကဒတ (ကျောင်းသားတပ်မတော်) သည် ယနေ့နိုင်ငံရေးလိုအပ်ချက်ဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အင်အားစုအားလုံးပါဝင်သည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့် အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး အပါအဝင် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တစ်ရပ်ပေါ်ထွန်းရေးအတွက် ပြည်တွင်း၊ ပြည်ပ ရှိ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့်အတူ အခိုင်အမာလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာအပ်သည်။
၃။         လက်ရှိအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအလုပ်အဖွဲ့နှင့် နှစ်ဖက်နိုင်ငံရေးဆွေးနွေးပွဲများကို လုပ်ဆောင်ရာတွင် ပြည်သူလူထုရှေ့မှောက်၌ ဂုဏ်သိက္ခာရှိရှိ ဆက်လက်လုပ်ဆောင်သွားရန် သဘောထားရှိသကဲ့သို့ တတိုင်းပြည်လုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်လာရေးအတွက်လည်း မိမိတို့ မကဒတ (ကျောင်းသားတပ်မတော်) အနေဖြင့် အင်အားစု အားလုံးနှင့်အတူ တက်တက်ကြွကြွ ဆောင်ရွက်သွားမည်ဖြစ်သည်။
၎။         မျက်မှောက် မြန်မာ့နိုင်ငံရေးအခြေအနေတွင် ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်တိုးတက်လာစေရေးအတွက် လက်ရှိအစိုးရက တတိုင်းပြည်လုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိဖြင့် လုပ်ဆောင်သွားရန်နှင့် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် လတ်တလော ထိုးစစ်ဆင်မှုများ ရပ်တန့်ထားရေးသည် အဓိကကျသည်ဟု မိမိတို့က ရှုမြင်သည်။
၅။         ထို့အပြင် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပြန့်ကျဲသွားသော အင်အားစုအသီးသီးအား ပြန်လည်စုစည်းနိုင်ရေး အတွက် ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီအင်အားစုများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။
၆။         လက်ရှိဖြစ်ပော်နေသော ကျောင်းသား၊ အလုပ်သမား၊ လယ်သမားများ၏ အခြေခံအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများအပေါ် အစိုးရ၏ အကြမ်းဖက်ဖြေရှင်းမှုပုံစံများအစား လူထုဆန္ဒသဘောထားနှင့်အညီ ညှိနှိုင်းဆွေးနွေးသည့်ပုံသဏ္ဍန်ဖြင့် အဖြေရှာ ရမည်ဖြစ်သည်။ သို့မှသာ ပဋိပက္ခများချုပ်ငြိမ်းပြီး နိုင်ငံသားအားလုံး လူ့ဂုဏ်သိက္ခာနှင့်အညီ အတူတကွ ယှဉ်တွဲနေထိုင်သည့် အခြေအနေကို ဖန်တီးနိုင်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်သည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)
ရက်စွဲ ။   ။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ လ ၆ ရက်။
Continue Reading | comments

အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လေ့လာ သူအဖြစ် ကေအဲန်ယူ တက်ရောက်ခဲ့



မြန်မာအစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့-KIO တို့ အကြား ယမန်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့၌ ငြိမ်းချမ်းရေးအတွက် အကြိုတွေ့ဆုံဆွေးနွေးခဲ့ရာ တွင် KNU မှ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့က လေ့လာ သူအဖြစ် တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မှုတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း တို့ တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး KNU သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ခုဖြင့် ဖွဲ့ စည်းထားသည် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ-UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်သောကြောင့် ထိုသို့ သွားရောက်ခြင်းဖြစ်ကြောင်း KNU တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက ပြောသည်။
 
KNU တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက “UNFC အဖွဲ့ဝင် တိုင်းရင်းသားအားလုံးကတော့ ဒီကိစ္စမှာ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ တာဝန်ရှိပါတယ်။ နောက်ပြီးကချင်ဘက်ကလည်း အဖွဲ့ဝင်တိုင်းရင်းသား အင်အားစုတွေအနေနဲ့ လေ့လာသူအဖြစ် ပါဝင်ပေးဖို့ လိုလားတယ်လေ။ အဲဒါကြောင့် KNU က တက်ရောက် တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KIO ဘက်မှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် အပါအ၀င် ကိုယ်စားလှယ် ၅ ဦးနှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
 
ထို့အပြင် ဆွေးနွေးပွဲတွင် လေ့လာသူအဖြစ်တက်ရောက်သော KNU အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြားရေးရာ ၀န်ကြီးဌာနမှ သံအမတ်ကြီး Mr. Luo Zhaohui၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ဗိုလ်မှူးချုပ်စိုင်းလူနှင့် အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေ၊ ဦးဗစ်တာဗျက်လျန်တိုမှ သက်သေများ အဖြစ် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
 
၎င်းဆွေးနွေးပွဲအပြီးတွင် အစိုးရနှင့် ကေအိုင်အိုတို့မှ အချက် ၄ ချက်ပါသည် ပူးတွဲကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ကြေညာချက်အရ ကေအိုင်အိုအနေဖြင့် UNFC နှင့် ဆွေးနွေးညှိနှိုင်း၍ ဖေဖော်ဝါလမကုန်မှီ အစိုးရအား ထပ်မံဆွေးနွေးရန်၊ နှစ်ဖက်အကြား ခိုင်မာသည့်အပစ်ရပ်စဲရေးကို အမြန်ဆုံးအကောင်အထည် ဖော်ရန်တို့ ပါဝင်သည်။
 
ကချင်ဒေသတွင် ၂၀၁၁ခုနှစ်၊ ဇွန်လမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီးနောက် ကေအိုင်အိုနှင့် အစိုးရစစ်တပ် တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာတွင် KNU အပြင် အခြားသော အဖွဲ့အစည်းများ မှ ခေါင်းဆောင်များက အသိသက်သေအဖြစ် ပါဝင်လာခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်သည်။
Continue Reading | comments

ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရန် KIA မျှော်လင့်

(၅၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားကို နယူးဒေလီမြို့ Vikaspuri ရပ်ကွက်ရှိ မြန်မာရိပ်သာခန်းမတွင် ဖေဖော်ဝါရီ ၅ရက်နေ့ က ကျင်းပခဲ့သည်။

နယူးဒေလီတွင် ကျင်းပသည့် ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးရေးနေ့။ (ဓာတ်ပုံ - နေမျိုး ၊ မဇ္ဈိမ)
KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ဥက္ကဌ မှ ဦးဇောင်းခရား ထံမှပေးပို့သည့် ၅၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းလွှာကို ဖတ်ကြားခဲ့သည်။

KIO ဥက္ကဌ ၏ ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းလွှာတွင် “ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်တည်လာရေး ဆက်လက် တိုက်တွန်းပေးဖို့ရန် မျှော်လင့်နေပါတယ်” ဟု ဖော်ပြထားသည်။

ထို့အပြင် ဥက္ကဋ္ဌ၏ မိန့်ခွန်းလွှာတွင် တိုင်းရင်းသားများ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး ၊ ဖယ်ဒရယ်ပြည်ထောင်စုအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် မဖြစ်နိုင်ကြောင်းနှင့် KIO သည် တိုင်းရင်းသားများလိုလားသော
နိုင်ငံရေးဆွေးနွေးမှုကို ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ၏ အပြင်ဘက်တွင် ဆွေးနွေးသွားရန် ဖြစ်သည်ဟု ဆက်လက် တိုက်တွန်းထားသည်။

နေ့လယ်ပိုင်းမှ စတင်ကာ ၃ နာရီခန့် ကြာမြင့်သည့် ဆုတောင်းပွဲတွင် ပြည်ထောင်စု မြန်မာနိုင်ငံကို စစ်မှန်သည့်
ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ကူးပြောင်း ဖော်ဆောင်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း Kachin Refugees Community မှ ကချင် အမျိုးသမီး မဂျာနွယ် ကလည်း မဇ္စျိမ ကိုပြောသည်။

၎င်းက “ကချင်လူမျိုးတွေဟာ အခုအချိန်ထိတိုင်အောင် တော်လှန်ရေးမှာ မပျောက်မပျက် ဆက်လက် တည်ရှိနေမှာ
ဖြစ်သလို လူမျိုးစုသီးသီး လိုလားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာသည် အထိ ချီတက်သွားမယ်ဆိုတာကို ကျမက ကချင်တော်လှန်ရေးနေ့ ဒီကနေ့မှာ မှတ်မှတ်ရရ ပြောချင်ပါတယ်ရှင်” ဟု ဆိုသည်။
နယူးဒေလီတွင် ကျင်းပသည့် ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးရေးနေ့။ (ဓာတ်ပုံ - နေမျိုး ၊ မဇ္ဈိမ)
အခမ်းအနားတွင် ၀တ်ပြုခြင်း အစီအစဉ်နှင့်အတူ ကချင်စစ်ရှောင် ဒုက္ခသည်များ၏ ဓါတ်ပုံများကို ခန်းမ နရံများတွင် ချိတ်ဆွဲပြသထားသလို ကချင်ပြည်နယ်အတွင်း ဒုက္ခရောက်နေသည့်  ပြည်နယ် သူ၊ ပြည်နယ်သားများ၊ ရှေ့တန်း စစ်မြေပြင် ရောက်ရှိနေသည့် ရဲဘော်ရဲဘက်များ အတွက် ဆု တောင်းခဲ့ကြသည်။

နယူးဒေလီမြို့ရှိ ကချင်မိသားစုများနှင့် (KRC) Kachin Refugees Community က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“KIO နဲ့ မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးတာကို ကျမတို့က ၀မ်းသာပါတယ်။ ကျမတို့ကချင်ပြည်နယ် အတွင်း ထိုးစစ်တွေကို အစိုးရက ရပ်ဆိုင်းတာ ၀မ်းသာစရာပါ။ ရွှေလီမှာ အခုလို နိုင်ငံရေးစကားဝိုင်း ဆွေးနွေးဖို့ အခွင့်အရေး
တွေ ဖြစ်လာတာပေါ့နော်။ နောက်တကြိမ် ဖေဖော်ဝါရီလမှာ နိုင်ငံရေး စကားပြောဖို့ အစီအစဉ်တွေရှိတယ်ဆိုတာ ကြားရတော့ ကျမတို့ အတွက်ကတော့ ၀မ်းသာစရာ လမ်းစပါပဲရှင့်” ဟု မဂျာနွယ် က သူ၏ မျှော်လင့်ချက်ကို ဆက်ပြောသည်။

နယူးဒေလီမြို့ရှိ ချင်းအသင်းတော် အသီးသီးက တက်ရောက်လာခဲ့ပြီး Kachin Christian Church လူငယ် တယော
အဖွဲ့က တယောသံစုံဖြင့် ဂုဏ်ပြုသီဆို တီးမှုတ်ခဲ့ကြသည်။

ကချင်တော်လှန်ရေးနေ့ အခမ်းအနားများအား KIA ဌာနချုပ်၊ ထိုင်းနိုင်ငံ ချင်းမိုင် တို့တွင်လည်းကျင်းပခဲ့ကြသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA/ KIO ကို ဖေဖော်ဝါရီလ ၅ ရက် ၁၉၆၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။
Continue Reading | comments

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားကချင်ပြည်နယ်သို့ရောက်ရှိ




ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားသည် ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့်အတူ ...
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ကာ ထို့နောက် အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မစ္စတာ ဘီဂျေနမ်ဘီးယားနှင့်အတူ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု  ၀န်ကြီး ဦးခင်ရီတို့လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။

 နိုင်ငံတော်သမ္မတက နိုင်ငံတကာအဖွဲ့အစည်းများအား ကချင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားသောအကူအညီများ ခွင့်ပြုလိုက်ပြီဖြစ်ပြီး အကူအညီပေးမည့်အဖွဲ့အစည်းများလုံခြုံရေးကို အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်စလုံးက တာဝန်ယူပေးရမည်ဟု သမ္မတကပြောကြားကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်
Continue Reading | comments

ခွဲသားထုတ်လုပ်ငန်းတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၂၅ ရာခိုင်နှုန်းခွင့်ပြု


ခွဲသားထုတ်လုပ်မှု လုပ်ငန်းတွင် နိုင်ငံခြားသား ရင်းနှီးမြှူပ်နှံမှုအား ၂၅ရာခိုင်နှုန်း ခွင့်ပြုမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ထုတ်ပြန်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ခွဲသားထုတ်လုပ်မှု လုပ်ငန်းသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန လက်အောက်တွင်ရှိသည့် အခြေခံပစ္စည်းဖြစ်သည်။

အဆိုပါ ၀န်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုများစွာလိုသော အဆင့်မြင့်နည်းပညာနှင့် ထုတ်လုပ်သည့် လုပ်ငန်းတွင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံအား ၄၉ ရာခိုင်နှုန်း အထိလည်းကောင်း၊ တဆင့်တက် ထုတ်ကုန် အုပ်စုများ တပိုင်းတစ ထုတ်လုပ်သည့် လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှူပ်နှံမှုအား ၃၅ရာခိုင်နှုန်းအထိ လည်းကောင်း ခွင့်ပြုသွားမည် ဖြစ်
သည်။

ထို့အပြင် သစ်လုံးများ ထုတ်ယူ၍ ပြည်ပသို့ တင်ပို့ ရောင်းချခြင်း လုပ်ငန်းအား ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်
ဖြင့် ဆောင်ရွက်ရမည်ဟု ဆိုသည်။

အလားတူ သစ်တော စိုက်ခင်းထူထောင် လုပ်ကိုင်ခြင်းဆိုင်ရာ စည်းစနစ်များနှင့် စက်ကိရိယာများ ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အားတိုးဆေးများ၊ သစ်မျိုးများ ပြည်ပမှ တင်သွင်း သယ်ယူခြင်းလုပ်ငန်း၊ သစ်တောစိုက်ခင်းတည်ထောင် လုပ်ကိုင်ခြင်း လုပ်ငန်း၊ သစ်အခြေခံ စက်မှုလုပ်ငန်း၊ သစ်နှင့် သစ်အခြေခံ အချောထည် ထုတ်ကုန်များ၊ ပြည်တွင်း
ပြည်ပ ကူးသန်းရောင်းဝယ် ဖောက်ကားခြင်းလုပ်ငန်းနှင့် သစ်တော နယ်မြေနှင့် သစ်တော ဖုံးလွှမ်းလျှက်ရှိသော အစိုးရ စီမံပိုင်ခွင့်ရှိသည့် မြေတွင် သဃံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သဘာဝ ခရီးသွား
လုပ်ငန်း၊ အမျိုးသား ဥယျာဉ်လုပ်ငန်း၊ သစ်အခြေခံ စက်မှုလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း၊ ကာဗွန် ထုတ်လုပ်မှု လျှော့ချခြင်းနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ၊ သစ်တောနယ်မြေကို နှစ်ရှည် ဌားရမ်းပြီး သစ်ခုတ်လှဲ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ သဘောထား မှတ်ချက် ရယူဆောင်ရွက်ရမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Continue Reading | comments
 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG